
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၆၉)
ဘာမှမပြည့်စုံတာက ကိုဦးတို့မောင်နှမ တစ်တွေပဲ၊ တကယ်သနားစရာကောင်း တာက အဲဒီကလေးတွေပဲ
သည်တစ်ခါတွင်တော့ သူ့စိတ်က ကိုဦးတို့ဆီလွင့်ပါသွားသည်။ သည်အိမ်ထဲမှာ သူတို့နှင့်အတူ နေခွင့်ရပြီဟုဆိုတော့ ရေထိသောပန်းကလေးလို လန်းသွားသော ကဲကဲ၏မျက်နှာလေးကို မြင်ယောင်လာသည်။
မိကဲရေ - ငါတို့တွေမခွဲရတော့ဘူး၊ အတူတူနေရတော့မှာ ဟ ဟု ကျိတ်ကျိတ်လေးအော်လိုက်သော ကိုတူးလေး၏အသံကိုလည်း ကြားယောင်လာသည်။
သူတို့တွေ သိပ်ကိုစိတ်ချမ်းသာပြီး သိပ်ပျော်သွားကြတယ်
ထွက်သက်ဝင်သက်ကို မေ့တစ်ချက်လျော့တစ်ချက် မှတ်နေရင်း ဦးဘပွား၏ မျက်နှာတွင် အပြုံးရိပ်ထင်လာသည်။
သူတို့လေးတွေပျော်အောင် စိတ်ချမ်းသာအောင် ငါလုပ်ပေးခဲ့နိုင်တယ်
ဦးဘပွားသည် သူ့၌ အချိန်များများ မကျန်တော့ကြောင်း သူ့ကိုယ်သူသိသည်။
ထို့ကြောင့် သူ၏ဘဏ်စာရင်းမှ ငွေဆယ်သိန်းကိုထုတ်ယူပြီး ဦးကံမြင့်လက်သို့အပ်ထားလိုက်ပြီးဖြစ်သည်။
ကျုပ်မရှိတော့တဲ့အချိန်ကျမှ အဲဒီငွေတွေကို ကလေးတွေအတွက် ဘဏ်မှာ သီးသန့်အပ်ပေးပါဗျာ၊ အဲဒီကရတဲ့ အတိုးဟာ ဒီကလေးလေးယောက်အတွက် စားစရိတ်၊ ကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် အစစအရာရာ အတွက်ပေါ့လေ၊ ပြည့်စုံပါလိမ့်မယ်လို့ မျှော်လင့်ရတာပဲ
အင်း-ကြက်သားတစ်ပိဿာ တစ်ထောင်၊ ဝက်သား တစ်ပိဿာရှစ်ရာ၊ ဘဲဥတစ်လုံးငါးဆယ်မဖြစ်သေးဘူး ဆိုရင်တော့ ခင်ဗျားရဲ့ငွေက လောက်မှာပါ
ဦးကံမြင့်က သူ့စိတ်ကို ပေါ့ပါးစေလိုဟန်နှင့် ရယ်စရာပြောခဲ့သေးသည်။ ထို့ပြင်သူက သူယခုနေသည့် အခန်းကလေးကိုတော့ ကိုကောင်းထက်ကို ပေးချင်သည်။
သို့သော် သည်အတိုင်းတော့မဟုတ်၊ ကိုကောင်းထက်နှင့် မမွှေးကြူတို့အတွက် မင်္ဂလာလက်ဖွဲ့အနေနှင့် ပေးချင်နေသည်။
အူတူတူ အတတ ကိုကောင်းထက်ကို သူက မမွှေးကြူနှင့်အမြန်ဆုံး အဆင်ပြေပြီး ကလေးများ၏မိဘနေရာတွင် အစားဝင်စေချင်သောဆန္ဒက ရင်ထဲတွင်အတော်ကြီးမားနေသည်။
သူသည် လောကကောင်းကျိုးကိုသော်လည်းကောင်း၊ တိုင်းပြည်ကောင်းကျိုးကို သော်လည်းကောင်း၊ မြို့ရွာကောင်းကျိုးကို သော်လည်းကောင်း၊ နောက်ဆုံး ရပ်ရွာကောင်းကျိုးကိုသော်လည်းကောင်း ဘာတစ်ခုမျှ မည်မည်ရရ မဆောင်ရွက်ခဲ့ဖူးချေ။
ရေစုန်တွင် လှေကြုံစီးရင်း ဘဝကို သက်သက်သာသာလေး ဖြတ်သန်းခဲ့ရသူဖြစ်သည်။
ယခုတော့ သူ့ပတ်ဝန်းကျင် ကွက်ကွက်ကလေးထဲတွင် လှုပ်ရှားနေသော လူသားများကို စိတ်ချမ်းသာ ပျော်ရွှင်မှုကိုလက် ဆောင်အဖြစ် ပေးလိုနေသည်။ သူတို့တွေ ပျော်ကြလိမ့်မည်၊ ဝမ်းသာကြလိမ့်မည်၊ အံ့သြသွားကြလိမ့်မည်ဟု တွေးရင်း သူကတစိမ့်စိမ့်နှင့် ကြည်နူးနေချင်သည်။
အန်ကယ်ကြီး အိပ်နေလားခင်ဗျ
ကိုကောင်းထက်က အိပ်ခန်းဝမှရပ်၍ အသံပြုသည်။ သူက မျက်စိကိုဖွင့်ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြတော့မှ အခန်းထဲလှမ်းဝင်လာသည်။
နွားနို့စစ်စစ်ကလေးရလို့ နို့ဆန်ပြုတ်ကလေးပြုတ်လာတာ ပူပူနွေးနွေးလေး သောက်လိုက်ပါလားခင်ဗျ
အငွေ့ထွက်နေသောပန်းကန်ထဲမှ နို့ဆန်ပြုတ်ရနံ့သည် မွှေးပျံ့ချိုဆိမ့်နေသည်။
အင်း-ဒီလူပျိုကြီးလည်း တကယ့်ကို မိန်းမရဖို့ကောင်းနေပါပြီ
ဦးဘပွားက ခုနတုန်းက တွေးမိသောအတွေးကိုပြန်တွေးမိသည်။
ဦးဘပွား အိပ်ရာထဲမှလက်ထောက်၍ထတော့ ကိုကောင်းထက်က ခေါင်းအုံးများကိုဆင့်၍ ထပ်ကာ ကျောမှီလုပ်ပေးသည်။
အဆင်သင့်ယူလာသော လက်သုတ်ပဝါသန့်သန့်လေးကို ပေါင်ပေါ်တွင်ဖြန့်ခင်းပေးသည်။
မနက်စာကိုတော့ ဘွားရွှေက ကြက်သားမြူစွမ်ကောင်းတယ်တဲ့၊ မမွှေးကြူက ထမင်းဖြူလေးကို ကြက်သားပြုတ်ကြော်လေးနဲ့ နောက်ပြီး ဂုံမင်းဟင်းခါးလေးနဲ့စားရင် ခံတွင်းပေါက်မယ်ထင်တယ်တဲ့၊ အန်ကယ်ကြီး အချဉ်စားချင်ရင် ရှောက်သီးသုပ်ပေးမယ်တဲ့
နောက်တော့ ဘာများအတည်ဖြစ်သွားလဲ
အဲဒါတော့ မသိဘူးခင်ဗျ၊ သူတို့ချင်းတော့ ငြင်းနေကြတာပဲ
ကိုကောင်းထက်၏လက်ထဲမှ ဆန်ပြုတ်ပန်းကန်လေးကို လှမ်းယူရင်း ဦးဘပွားသည်-
ငါ့အသက်ရယ်-သုံးလေးနှစ်လောက် ကလေးများ ထပ်ပြီးရှည်လိုက်ပါတော့ ဟု တောင့်တောင့်တတကြီး တွေးလိုက်မိသည်။
သူတမ်းတလိုချင်ခဲ့သော ဘဝသည် ထိုသို့သောဘဝဖြစ်သည်။ သားတွေမြေးတွေ ဝိုင်းနေသောဘဝ၊ ဖြူစင်သော မေတ္တာရနံ့နှင့် အကြင်နာတရားတို့ သင်းပျံ့ထုံမွှေးနေသောဘဝ။ ထိုဘဝတွင် သူ အသက်ရှည်ကြာနေရတော့မည် မဟုတ်သည့် အတွက်ကိုကား အတန်ငယ် ဝမ်းနည်းချင်သည်။
ဆက်လက်ဖော်ပြပါမည်။