အချိုးကျကိုယ်စားပြုစနစ် သို့မဟုတ် အားလုံးပါဝင်နိုင်ရေး

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့သည် ဆိုသော်လည်း သမိုင်းကြောင်းကို မှန်မှန်ကန်ကန် လေ့လာကြည့်သောအခါ တစ်ပါတီ လွှမ်းမိုးမှုသာရှိခဲ့သည်။

ပါလီမန်ဒီမိုကရေစီစနစ်ဆိုသော်လည်း လွှတ်တော်တွင်လည်းကောင်း၊ အစိုးရအဖွဲ့တွင်လည်းကောင်း တစ်ပါတီတည်းကသာ မဲအများဆုံး ရရှိခဲ့ပြီး နိုင်ငံ့တာဝန်ယူခဲ့ကြသည်။ ထိုစဉ်က ဖဆပလပါတီကသာ မဲအများဆုံးဖြင့် အာဏာရရှိခဲ့သည်။ ထိုတစ်ပါတီတည်းမှာပင် အကွဲအပြဲများ ဖြစ်ပေါ်လာကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည့်အခါ ၁၉၅၈ ခုနှစ်တွင် တပ်မတော်ကို အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူပေးရန် လွှဲအပ်ခဲ့ရသည်။

ထိုပါတီစုံ အကွဲအပြဲများကြောင့် ၁၉၇၄ ခုနှစ်တွင် ပါတီပေါင်းစုံမှလူပုဂ္ဂိုလ်များပါဝင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ထူထောင်ခဲ့ကြသည်။  တစ်ပါတီစနစ်ဖြင့် လျှောက်လှမ်းခဲ့သည်မှာ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုအတည်ပြုပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပသည်။ ၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ်သည် လွှတ်တော်အတွင်း အပြန်အလှန်ထိန်းညှိမှုများဖြင့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကာလသည် လွှတ်တော်အတွင်းတွင် တပ်မတော်သား ကိုယ်စားလှယ်များကသာ ထိန်းညှိဆောင်ရွက်ပေးခြင်း မရှိခဲ့လျှင် ထိုစဉ်ကတည်းကပင် ပါတီစုံဒီမိုကရေစီစနစ်သည် ဆိတ်သုဉ်းသွားနိုင်သည်။

ထိုစဉ်က လူကိုမကြည့်နှင့်၊ ပါတီကိုသာကြည့်ပါဟူသော မဲဆွယ်မှုကြောင့် အမှန်တကယ် အရည်အချင်းပြည့်ဝသူ၊ နိုင်ငံ့အတွက် အားကိုးအားထားပြုထိုက်သူများ မဲမရရှိခဲ့သည်မှာ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများပင် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်သို့ ရောက်သင့်ပါလျက် ကျန်ခဲ့ရသည်။ ဤသည်မှာ မဲအများဆုံးရသူအရွေးခံရသည့်စနစ် (FPTP) ကြောင့်ဖြစ်သည်။အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပါတီများနှင့် လူနည်းစု ပါတီများအနေဖြင့် ကိုယ်စားလှယ်နေရာပိုမိုရရှိပြီး ဥပဒေပြုရေး၊  အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများတွင် ပိုမိုပါဝင်ခွင့်ရရှိလာမည်။ တိုင်းရင်းသား ပါတီများအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ပိုမိုပါဝင်ခွင့်ရရှိပြီး မိမိတိုင်းရင်းသားမျိုးနွယ်စု၏အကျိုးကို ပိုမိုဖန်တီး ဖော်ဆောင်နိုင်မည်။ လွှတ်တော်အတွင်းပါတီစုံ၊ တိုင်းရင်းသားလူမျိုးစုံကိုယ်စားလှယ်များနှင့် အမျိုးသမီးကိုယ်စားလှယ်များ စုံညီမျှတစွာ အချိုးကျကိုယ်စားပြုခွင့် ရရှိခြင်းဖြင့် နိုင်ငံတော်ကဦး တည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး အထောက်အကူဖြစ်လာမည်။

မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းနှင့် ဖြစ်စဉ်များကို လေ့လာသုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲများ ကျင်းပရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးခြင်းဖြင့် တစ်ပါတီကြီးစိုးမှုလျှော့ချနိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းခြင်း၊ တိုင်းရင်းသားလူမျိုးစုပါတီများနှင့် ပါတီငယ်များအနေဖြင့်  ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ပိုမိုဝင်ရောက်ခွင့်ရပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရရှိနိုင်ခြင်း အစရှိသည့်အကျိုးရလဒ်များ ရရှိမည်ဖြစ်သည်။

နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲ စနစ်ပြောင်းလဲကျင့်သုံးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခြင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် လေးကြိမ် ဆောင်ရွက်ခဲ့သည်။  ပထမနှစ်ကြိမ်ကို နေပြည်တော်တွင်ဆောင်ရွက်ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံး ရေးကို မူအားဖြင့်သဘောတူညီခဲ့ကြသည်။ ဒုတိယနှစ်ကြိမ်ကိုမူ ရန်ကုန်မြို့တွင်ဆောင်ရွက်ပြီး ပါတီများ၏ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းနှင့်စပ်လျဉ်း၍ ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်းပြီး စာတမ်းများဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ၏အဓိကအားသာချက်မှာ မဲဆန္ဒရှင်ပြည်သူများကပေးသော ဆန္ဒမဲများ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးသွားမည်ဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် နိုင်ငံပိုင်ရုပ်မြင်သံကြား မီဒီယာများတွင် ပြောဆိုဆွေးနွေးခြင်း၊ သတင်းစာများတွင် ဆောင်းပါးများရေးသားဖော်ပြခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။ နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းစိတ်ဝင်တစားရှိနေရမည့်ကိစ္စရပ် ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် စတင်ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်၏ သဘောတရားများကို မဲပေးမည့်သူများကိုယ်တိုင်က နားလည် သိရှိနေကြရမည် ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီး နိုင်ငံတော်ကမျှော်မှန်းသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။