တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ် အမှတ်(၁၅၃)အဆန်၊ အမှတ်(၁၅၄)အစုန် ရထားပြန်လည်ပြေးဆွဲမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ စကားသံများ
တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ် အမှတ် (၁၅၃) အဆန်၊ အမှတ် (၁၅၄) အစုန်ရထားကို စက်တင်ဘာ ၁ ရက်က ပြန်လည်ပြေးဆွဲခဲ့သည်။ အဆိုပါခရီးစဉ် ပြန်လည်ပြေးဆွဲမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
ဦးဘုန်းမြင့်ဆွေ(ဒုရုံပိုင်မှူး)
ရထားပြန်လည်ပြေးဆွဲပေးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီရထားလမ်းကို ကိုဗစ်ကာလမှာ ယာယီရပ်နား ထားပြီးတော့ စက်တင်ဘာ ၁ ရက်မှာ လမ်းပိုင်းကို အဆင့်မြှင့်တင်ပြီး ပြန်လည်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ရထားပြေးဆွဲတဲ့မိုင်နှုန်းကတော့ ဘန်းယဉ်ဘူတာကနေ တောင်ကြီးဘူတာအထိ ၃၃ ဒသမ ၇၅ မိုင်ရှိပါတယ်။ ရထားစီးခလက်မှတ်အနေနဲ့တော့ ဘန်းယဉ်-နောင်အယ်ကို ငွေကျပ် ၁၀၀၊ ဘန်းယဉ်-ကက္ကူကို ငွေကျပ် ၇၀၀၊ ဘန်းယဉ်-ဟမ်းဆီးကို ငွေကျပ် ၁၁၀၀၊ ဘန်းယဉ်-နောင်ကားကို ငွေကျပ် ၁၆၀၀၊ ဘန်းယဉ်-ဖာမွန်းကို ငွေကျပ် ၂၀၀၀၊ ဘန်းယဉ်-တောင်ကြီးကို ငွေကျပ် ၂၅၀၀ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ် အမှတ်(၁၅၃)အဆန်နဲ့ အမှတ်(၁၅၄)အစုန်ရထားကို ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ဘန်းယဉ်ဘူတာကနေပြီးတော့ အစုန်(၁၅၄)ကို နံနက် ၅ နာရီထွက်ပြီး တောင်ကြီးကို နံနက် ၈ နာရီ ဆိုက်ရောက်ပါတယ်။ ယခင်က တွဲဆိုင်းအဟောင်းနဲ့ပြေးဆွဲခဲ့ပေမယ့် အခုတော့ ပြည်သူတွေအတွက် ပိုမိုအဆင်ပြေစေဖို့ တွဲဆိုင်းအသစ်တွေနဲ့ ပြန်လည်စတင်ပြေးဆွဲပေးခဲ့ပါတယ်။ ဆီဆိုင်-တောင်ကြီးသွားရင် ကားခ ငွေကျပ် ၅၀၀၀ ပေးရပြီး ရထားနဲ့ သွားမယ်ဆိုရင် ငွေကျပ် ၂၅၀၀ သာဖြစ်လို့ ကုန်ကျစရိတ်ကို တစ်ဝက်သက်သာစေပါတယ်။
ဦးခွန်ခင်အောင် (ကျောင်းချယ်ကျေးရွာ၊ဘန့်ဗွီးကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်)
ရထားလမ်းပြန်လည် ပြေးဆွဲပေးတဲ့အပေါ်မှာ ဒေသခံပြည်သူတစ်ယောက်အနေနဲ့ အခုလိုရထားပြန်လည် ပြေးဆွဲပေးတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကြီးဈေးနေ့ ရောက်တိုင်း ကျွန်တော်တို့ ဈေးသည်တွေ၊ ကုန်သည်တွေ တောင်ကြီးဈေးကို သွားရောင်းကြတယ်။ ကျွန်တော်တို့ ဒေသထွက်ကုန်ဖြစ်တဲ့ ပြောင်း၊ နာနတ်၊ ထောပတ်၊ မြေပဲ၊ ကြက်သွန်စတဲ့ စိုက်ပျိုးသီးနှံကို လွယ်ကူလျင်မြန်စွာနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ သယ်ယူပို့ချနိုင်တယ်။
နောက်ပြီး ကျွန်တော်တို့ခရီးသွားပြည်သူတွေ အနေနဲ့လည်း ကက္ကူဘုရားနဲ့ တောင်ကြီးမှာရှိတဲ့ အထင်ကရ ဘုရားတွေကို သွားရောက်ဖူးမြော်နိုင်တယ်။ ဒီရထားလမ်းက ပိတ်ထားတာက ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် တစ်နှစ်ခွဲလောက်ရှိပြီ။ အခုလိုပြန်လည်ပြေးဆွဲပေးတဲ့အတွက် ဒေသထွက်ကုန် ရောင်းဝယ်ရာမှာ သယ်ယူစရိတ် ကုန်ကျမှု သက်သာပြီး အရောင်းအဝယ်ပိုပြီး အဆင်ပြေလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရထားလမ်း အခုလိုပြန်လည် ဖွင့်လှစ်ပြီး ပြေးဆွဲပေးတဲ့အတွက် တာဝန်ရှိသူတွေကို အထူးပဲကျေးဇူးတင်ပါတယ်။
ဒေါ်နန်းခမ်းဖြူ(ဒေသထွက်ကုန်နှင့် ငှက်ပျောသီးရောင်းချသူ၊ ဟမ်းဆီးတောင်ရွာ၊ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ်)
အရင်က ဒေသထွက်သီးနှံတွေကို အသွားအပြန် မီးရထားနဲ့ လာရောင်းချလို့ ရတဲ့အတွက် ဈေးနှုန်းသက်သာ ခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ရထားတွေ ရပ်နားထားလို့ ကားနဲ့ လာရောင်းရတော့ ကုန်ဈေးနှုန်း၊ ကားခ ဈေးကြီးမှုနဲ့ ကြုံတွေ့ရပါတယ်။ အခုလို ရထားလမ်းပိုင်း ပြန်လည်ပြေးဆွဲပေးတဲ့အတွက် ဈေးနှုန်းသက်သာစွာနဲ့ ရောင်းဝယ် ဖောက်ကားမှုလွယ်ကူတာမို့ ရထားလမ်းကို ရာသက်ပန်ပြေးဆွဲ ပေးစေလိုပါတယ်။
ပြေးဆွဲပေးတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
ကိုဇာနည် (ဒေသထွက်ကုန်နှင့် ဘုရားပန်းရောင်းချသူ၊ ကက္ကူကျေးရွာ၊ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ်)
အခုလို ရထားလမ်းပြန်လည်ပြေးဆွဲပေးတဲ့အတွက် ဒေသထွက်ကုန်ပစ္စည်းတွေ တင်ဆောင်ရလွယ်ကူပြီး အကျိုးအမြတ် ပိုမိုရရှိတဲ့အတွက် စားဝတ်နေရေး ပိုအဆင်ပြေပါတယ်။ ဒေသထွက်ကုန်ပစ္စည်းတွေကို နေ့စဉ် ရထားနဲ့ လာရောက်ပို့ဆောင် ရောင်းချရတဲ့အတွက် အဆင်ပြေတာမို့ ကျေးဇူးတင်ပါတယ်။
မနွယ်နီဝင်း(ခရီးသည်၊ ဖာမွန်းကျေးရွာ၊ တောင်ကြီးမြို့နယ်)
ဖာမွန်းကနေ တောင်ကြီးကို ဆိုင်ကယ်နဲ့ လာရောက်လည်ပတ်ရတော့ သွားလာစရိတ်ကြီးမြင့်တဲ့အတွက် အဆင်မပြေဘူး။
အခု ရထားနဲ့ ဖာမွန်းကနေ တောင်ကြီးကို လာရောက်လည်ပတ်ရတဲ့အခါ အချိန်ပိုရပြီး အဆင်ပြေပါတယ်။ ဝမ်းသာကျေနပ်ပါတယ်။
ခွန်တင်အောင်ဝင်း(ဒေသထွက်ပစ္စည်း ရောင်းချသူ၊ ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ် )
ဒေသထွက်ကုန်တွေကို အရင်က ဆိုင်ကယ်နဲ့ လာရောင်းချရတော့ အဆင်မပြေဘူး။ အခုရထားနဲ့ သယ်ဆောင်ရောင်းချရတာ အဆင်ပြေပါတယ်။ ကုန်ကျ စရိတ်သက်သာတော့ အမြတ်ငွေပိုမိုရရှိပါတယ်။ အခုလို ရထားလမ်းပြန်လည်ပြေးဆွဲ ပေးတဲ့အတွက် အလွန်အဆင်ပြေပါတယ်။
မနန်းနွယ်နွယ်ဝင်း (ဟမ်းဆီးကျေးရွာနေ ဈေးရောင်းဈေးဝယ်သူ၊ ကျောက်တလုံးကြီးမြို့၊ တောင်ကြီးမြို့နယ်)
အရင်တုန်းက တောင်ကြီးဈေးမှာ ရောင်းဖို့ ဈေးပတ်ကားနဲ့ လာရတော့ အသွား-အပြန် ကုန်ကျစရိတ် ကြီးမြင့်တယ်။ အခုတောင်ကြီးနဲ့ ဟမ်းဆီးကို ရထားနဲ့ လာရောင်းချရတာမို့ ကုန်ကျစရိတ်သက်သာပါတယ်။ ရထားနဲ့ လာရတဲ့အတွက် အမြတ်ငွေပိုကျန်တယ်။ အခုလိုရထားပြန်လည်ပြေးဆွဲပေးတဲ့အတွက် ဝမ်းသာ ပါတယ်။ အရင်က မော်တော်ယာဉ်နဲ့ သွားရတော့ ကားခဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ခက်ခဲပါတယ်။ အခုရထားနဲ့ဆိုတော့ လာရောင်းချရတာ အချိန်ပိုရပြီး အမြတ်ငွေပိုကျန်တဲ့အတွက် ရထား အခုလိုပြန်လည် ပြေးဆွဲပေးတာကို ကျေးဇူးတင်ပါတယ်။ ။
တွေ့ဆုံမေးမြန်း-ဆီဆိုင်(ပြန်/ဆက်)
မောင်မောင်သန်း(တောင်ကြီး)