
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၇၀)
သူယူလာသောဆန်ပြုတ်လေးကို ဦးဘပွားက နှစ်နှစ်သက်သက်သောက်နေသည့် အတွက်လည်း ကိုကောင်းထက်က ဝမ်းသာနေသည်။ အခုတော့ သူတို့အခန်းလေးခန်းသည် အကုန်လုံး အလိုလိုပေါင်းမိပြီး အိမ်တစ်အိမ်တည်းလို ဖြစ်သွားသည်။ သူတို့တစ်တွေသည်လည်း မိသားစုကြီးလိုဖြစ်သွားသည်။ မည်သူကမျှ ကြိုးစားပြီးအတင်းဖန်တီးတိုက်တွန်းခဲ့သည်မဟုတ်ဘဲ သူ့အလိုအလျောက်ပင် ထိုကဲ့သို့ပုံစံဝင်သွားခြင်း ဖြစ်သည်။
ဦးဘပွား ဆန်ပြုတ်သောက်ကောင်းနေစဉ်ပင် မမွှေးကြူနှင့် ကိုဦးရောက်လာကြသည်။ မသပ်မရပ်ဖြစ်နေသော စာအုပ်များကို ရှင်းပြီး စောင်များကိုခေါက်ပေးသည်။
ခဏနေတော့ ဦးထင်က ပရိတ်ရေပုလင်းနှင့်ရောက်လာပြန်သည်။
ငါအရင်တုန်းက ဘာလို့များ သူတို့ကိုကြည့်လို့မရခဲ့တာပါလိမ့်
ဦးဘပွား သ့ူကိုယ်သူ အပြစ်တင်မိသည်။ မိမိပတ်ဝန်းကျင်ရှိလူများကို မယုံကြည်ဘဲ အထင်အမြင်သေးကာ မုန်းတီးနေခြင်းသည် ရင်ထဲတွင်တငွေ့ငွေ့လောင်နေသောမီးလို နှလုံးသားကို တရှိန်ရှိန်လောင်ကျွမ်းစေကြောင်း သူသိခဲ့ပြီးဖြစ်သည်။
အခုတော့ သူသည် သူ၏တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် သူ့ဝန်းကျင်ရှိလူများကို သူယုံကြည်ခဲ့ပြီး မေတ္တာထားနိုင်ခဲ့ပြီဖြစ်သည်။ ထိုသူတို့၏ မေတ္တာစေတနာနှင့် အပြုအစု အကြင်နာတရားတို့ကို ယုံကြည်စိတ်ချစွာ ခံယူရသည်မှာလည်း စိတ်ထဲတွင် မည်မျှအေးချမ်းပြီး ချမ်းသာကြည်နူးရကြောင်း သူသိနေရပြီ
ဖြစ်လေသည်။
သို့သော် ထိုအေးချမ်းကြည်နူးမှုများကို သူမကြာမီထားခဲ့ရတော့မည်ဟု တွေးရင်းဦးဘပွားက သက်ပြင်းကို မသိမသာရှိုက်မိသည်။ သူ့တွင်အချိန်များများ မကျန်တော့သည်ကိုတော့ သူအမြဲသတိရနေမိလေသည်။
ကလေးတွေအတွက် စီစဉ်စရာရှိတာတွေကို ကျုပ်ခရီးမထွက်ခင် စီစဉ်ပေးခဲ့ပါ့မယ် သူက စကားစသည်။
နေလည်းမကောင်းဘဲနဲ့ အန်ကယ်ကြီးရယ်- ဘယ်သွားမှာလဲ
မမွှေးကြူက မရဲတရဲပြောသည်။
နေမကောင်းလို့သွားရတာပေါ့ ကျုပ်တူမရယ်
ဘဘကြီး ကြာမှာလားဟင်
အင်း-ကြာမယ်
အဝေးကြီးကိုလား
အင်း-ဝေးမှာပေါ့ ကိုဦးရာ
ဦးဘပွားက သူ့အဓိပ္ပာယ်နှင့်သူဖြေရင်းပြုံးနေသည်။ အခုတော့ သူသည် သေခြင်းတရားကို တကယ်ပင်တည့်တည့် ရင်ဆိုင်ကြည့်နိုင်ခဲ့ပေပြီ။
ဘဘကြီး- သင်္ကြန်ပြီးမှ သွားမှာ မဟုတ်လားဟင်
အင်း-ဘဘကြီးလည်း သင်္ကြန်ပြီးမှပဲသွားချင်တာပါ
ဒီလိုဆို
ကိုဦးက ဦးဘပွား၏ မျက်နှာကဲကို ကြည့်ကာ အတန်ငယ်ထစ်ငေါ့သွားသည်။
ဒီလိုဆို သင်္ကြန်တွင်းမှာ ကျွန်တော်အဲ- ကျွန်တော်နဲ့ကိုတူးတို့-
အေး-ပြော မင်းနဲ့ကိုတူးတို့ ဘာလုပ်ချင်သလဲ
ဦးဘပွားက စကားထောက်ပေးသည်။
ကျွန်တော်နဲ့ ကိုတူးတို့-ကိုရင်-အဲကိုရင်ဝတ်ချင်လို့ပါ
သြော်-ကိုဦးရယ်
ဘွားရွှေက ပြောတယ်၊ သားသမီးက သာသနာ့ဘောင်မှာနေပြီး အမျှအတန်းဝေရင် မိဘအတွက် သိပ်ပြီးကောင်း
မျက်ရည်တွေလည်နေသော ကိုဦးအားကြည့်ရင်း ဦးဘပွားရင်ထဲတွင် ဆို့နစ်လာသည်။
ကဲကဲလည်း မယ်သီလရှင်ဝတ်မယ်တဲ့
ကောင်းတာပေါ့ကွယ်
ဦးဘပွားစိတ်ထဲမှနေပြီး- ငါသေရင်လည်းငါ့အတွက် အမျှအတန်းဝေပေးပါ ကလေးရယ် ဟုပြောမိသည်။
မင်းတို့ကြီးကြီးကျယ်ကျယ် ရှင်ပြုချင်လို့လား
မဟုတ်ပါဘူး ကိုဦးက ခေါင်းခါသည်။
ဘဘကြီးဆီက ခွင့်တောင်းတာပါ၊ ကျွန်တော်တို့ ရိုးရိုးပဲ ကိုရင်ဝတ်ချင်တာပါ
ဝတ်ပါ ကိုဦးရယ်-ကောင်းတဲ့အလုပ်လုပ်တာကို ဘဘကြီးက ဘာလို့ခွင့်မပေးရမှာလဲ
ဦးဘပွားက စကားအဆုံးတွင် ချောင်းဆိုးသည်။ သလိပ်ဟပ်လိုက်လျှင် သွေးစအနည်းငယ်ပါလာမည်ကို သူ့ကိုယ်သူသိသော်လည်း သူတို့မမြင်စေချင်သဖြင့် မှိတ်ပြီး ပြန်မျိုချလိုက်သည်။
ကျွန်တော်က ဘဘကြီးကို စိတ်မချလို့ပါ
ဘာဖြစ်လို့လဲ
ဘဘကြီးက နေမှမကောင်းဘဲ
သူ့အတွက် တစ်စုံတစ်ခုကို အမြဲတမ်း ဆောင်ရွက်ပေးချင်နေသော အကြင်နာ တရားနှင့် မေတ္တာတရား ယှက်သန်းနေသော ကိုဦး၏မျက်လုံးလေးများကို ဦးဘပွားက ကျေကျေနပ်နပ်ကြီး ငေးကြည့်နေမိသည်။
ဆက်လက်ဖော်ပြပါမည်။