
ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၇၁)
“မင်းက ဘဘကြီးအတွက် ဘာလုပ်ပေးချင်လို့လဲ”
“ကျွန်တော်ဘာလုပ်ပေးရမလဲ}”
ကိုဦးက ပြန်မေးသည်။
“ဘဘကြီးအတွက် မင်းလုပ်ပေးနိုင်တာတော့ရှိတယ်၊ ဒါပေမဲ့အခုတော့ မဟုတ်ဘူး”
“ဘယ်တော့လဲ၊ ဘာလုပ်ပေးရမှာလဲ” ဦးဘပွား၏ရင်ထဲတွင် ပြင်းပြစွာနာလာသည်။ တကျွတ်ကျွတ်နှင့် စုတ်သပ်လိုက်ချင်သော်လည်း ညည်းလိုက်ချင်သော်လည်း ထိုဝေဒနာများကို အံကြိတ်ပြီး တင်းခံလိုက်သည်။
“မင်း ဘယ်လောက်နာအောင် လုပ်နိုင်မှာလဲ၊ ငါမမှုဘူးကွာ ငါတင်းပြီးခံရမှာပါ၊အေး-မခံနိုင်တဲ့နေ့ကျတော့လည်း သေလိုက်ရုံပေါ့၊ ဟုတ်ဘူးလား” ဟု သူ့ရင်ထဲမှ အသည်းအဆုတ်နှင့် ကလီစာများကို သူကပြန်ပြီး မခန့်လေးစား ပြောနေမိပြန်သည်။
“ဘဘကြီးပြောလေ၊ ကျွန်တော် ဘာလုပ်ပေးရမှာလဲ”
“မင်းတို့အသက်ကြီးလာတဲ့အခါ ပညာတွေစုံတဲ့အခါ”
ကိုဦးက သူဘာဆက်၍ ပြောမည်နည်းဟု စိတ်အားထက်သန်စွာနှင့် နားစွင့်နေသည်။
“မင်းတို့ပညာတွေ စုံလာတဲ့ အခါကျတော့ အလုပ်လုပ်ကြရလိမ့်မယ်၊ ဒီပြည်မှာမဟုတ်ဘဲ ဒီ့ပြင်တိုင်းပြည်မှာလည်း လုပ်ချင်လုပ်ကြရလိမ့်မယ်”
ကိုဦးက ခေါင်းညိတ်သည်။
“ကိုယ့်နိုင်ငံထက် ပိုပြီးတိုးတက်ထွန်းကားတဲ့ ဖွံ့ဖြိုးချမ်းသာတဲ့ တိုင်းပြည်တွေမှာ သွားပြီး အလုပ်လုပ်ကြတာကို ဘဘကြီး အားပေးတယ်၊ သဘောလည်းကျတယ်၊ ဒါပေမဲ့-“
ဦးဘပွားက စကားကို ခေတ္တရပ်ကာ ကိုဦးအား ငေးစိုက်ကြည့်ရင်း ခပ်သဲ့သဲ့ပြုံးသည်။
“ငါဒီလို အလုပ်တွေကို လုပ်နိုင်အောင်၊ ဒီနိုင်ငံခြားငွေတွေကို ရှာနိုင်အောင် ဒီပညာကို ငါတို့ရဲ့ အမိနိုင်ငံက သင်ပေးလိုက်တာပါလား ဆိုတာကိုတော့ ဘယ်တော့မှ မမေ့စေချင်ဘူး၊ ငါတို့နိုင်ငံက ဆင်းရဲလို့ ငါတို့တတ်တဲ့ပညာကို ဒီမှာလာပြီး ရောင်းနေရတယ်လို့ သဘောထားပြီး သူတို့ဆီကအတတ်ပညာတွေ၊ နည်းစနစ်တွေကို အရယူပြီး ပြန်လာကြပါ။ ဒီအတတ်ပညာ၊ ဒီအတွေ့အကြုံ၊ ဒီငွေကြေးတွေနဲ့ ငါတို့တိုင်းပြည်ကို ငါတို့ တစ်လှည့်ပြန်ပြီး အလုပ်အကျွေး ပြုကြမယ်လို့”
ဦးဘပွားသည် မပြောစဖူး စကားကို အရှည်ကြီးပြောရင်း အသံတွေနစ်ဝင်သွားသည်။ သူ့သားသူ့သမီး အရင်းအချာများကို သူဘာကြောင့်များ အခုလို မပြောခဲ့မိပါလိမ့်ဟု တွေးတောပြီး နောင်တကြီးစွာ ရနေသည်။
“နောက်ဆုံးတော့ ငါ့အပြစ်ပါပဲလေ။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတာ ဘယ်လောက်အထိ အရေးကြီးတယ် ဆိုတာကို ငါကိုယ်တိုင် လေးလေးနက်နက် မတွေးခဲ့မိဘူး”
သူကိုယ်တိုင်က နိုင်ငံချစ်စိတ်ကို ပေါ့ပေါ့တန်တန်ပင် သဘောထားခဲ့မိသည် ကတော့ အမှန်ပင်။ ဒီတော့လည်း သူ့လိုဖခင်နှင့် လိုက်ဖက်ညီသော သားသမီးများကိုသာ သူရရှိခဲ့သည်။
သူ့သားသမီးများသည် သူတို့သည် မြန်မာလူမျိုးဖြစ်သည်ကို လည်းကောင်း၊ သူတို့နိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ကို လည်းကောင်း ရင်ထဲ၌ စွဲမိကြဟန်မတူ ကမ္ဘာမကြေသီချင်းမှ”ဒါတို့ပြေ...ဒါတို့မြေ...တို့ပိုင်တဲ့မြေ”ဟူသော အပိုဒ်ကို သီဆိုရင်း ကြက်သီးမွေးညင်းထဖူးခဲ့ဟန်မရှိ၊ သူကသက်ပြင်းကို မျှဉ်း၍ချမိသည်။
“ဒါတွေဟာ ငါ့အပြစ်ချည်းပဲ၊ ငါညံ့ခဲ့တာပါပဲ” ဟု တွေးရင်း မျက်ရည်လည်လာသည်။ ထို့နောက် ကိုဦးကို စေ့စေ့ကြည့်ကာ တစ်လုံးချင်းပြောမိသည်။
“ငါဟာ မြန်မာလူမျိုး၊ ငါ့နိုင်ငံဟာ မြန်မာနိုင်ငံဆိုတာ အမြဲသတိရနေဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကျေးဇူးမကန်းဖို့”
“ဖေဖေက ကျွန်တော်တို့ကို ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ချစ်တတ်အောင် အမြဲသင်ခဲ့ပါတယ် ဘဘကြီး”
ကိုဦးက ခပ်တိုးတိုးပြောသည်။
“အေး- ဘဘကြီးကတော့ ဘဘကြီးရဲ့ သားသမီးတွေကို မင်းအဖေလို မသင်ခဲ့မိဘူး ကိုဦးရယ်” ဦးဘပွား၏ အသံတုန်ယင်ပြီး အက်ကွဲနေသည်။
“နောင်တစ်ချိန်မှာ မင်းဟာလည်း အဖေဖြစ်လာဦးမှာပဲ ကိုဦး အဲဒီအချိန်ကျတော့ မင်းရဲ့သား မင်းရဲ့သမီးလေးတွေကို ဘဘကြီးရဲ့ အကြောင်းကိုပြောပြပါ”
“ဘဘကြီးရဲ့အကြောင်း”
ကိုဦးက ဦးဘပွားအား နားမလည်သလိုကြည့်သည်။
“ဟုတ်တယ်၊ သူ့ရဲ့သားသမီးတွေကို ကိုယ့်ပြည်၊ ကိုယ့်မြေ၊ ကိုယ့်အမျိုးကိုချစ်တတ်၊ အထင်ကြီးအောင် မသင်ကြားခဲ့၊ မပြောပြနိုင်ခဲ့တဲ့ ဟောဒီက ဘဘကြီးရဲ့ အကြောင်းကိုလေ။ လူတစ်ယောက်ဟာ နိုင်ငံကိုမချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ်ဆိုတာကိုလည်း သတိမရတော့ဘူး၊ ဒီတော့ သူ့ရဲ့မျိုးဆက်ဟာလည်း ဘယ်စစ်နိုင်တော့မှာလဲ၊ မျိုးဆက်ဆိုတာဟာလည်း ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့ တိမ်ကောပြီး ပျောက်သွားတတ်တယ်။ အဲဒါကို အမြဲသိထားဖို့လိုတယ်”
ဦးဘပွားက ကြေကွဲစွာပြောသည်။ သားအလတ်မှ မွေးသော မျက်လုံးပြာပြာနှင့် မြေးကလေးကို မြင်ယောင်နေသည်။
ဆက်လက်ဖော်ပြပါမည်။