ဟံသာဝတီယူနိုက်တက်အသင်း တစ်ရာသီလုံး ပွဲနိုင်ကြေးနှင့် ဆုကြေးငွေစုစုပေါင်း သိန်း ၁၈၀၀ ကျော်ရရှိ

ရန်ကုန်၊ ဘောလုံး

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟံသာဝတီယူနိုက်တက် အသင်းသည် ယခုနှစ် ဘောလုံးရာသီ တစ်ရာသီလုံး ပွဲနိုင်ကြေးနှင့် ဆုကြေးငွေစုစုပေါင်း ငွေကျပ် သိန်း ၁၈၀၀ ကျော် ရရှိခဲ့ကြောင်းအသင်း အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၁၃ ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၄၁ မှတ်ဖြင့် ဒုတိယဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် တစ်ပွဲချင်းနိုင်ပွဲအလိုက် ပြိုင်ဘက်အသင်းများ၏ အဆင့်ရပ် တည်မှုပေါ်မူတည်၍ ဆုကြေးများ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံး (က) အဆင့် သတ်မှတ်ထားသည့် အသင်းကို အဝေးကွင်း၌ အနိုင်ရပါက ငွေကျပ် သိန်း ၈၀ နှင့် အိမ်ကွင်း၌အနိုင်ရပါက ငွေကျပ် သိန်း ၆၀၊ အနိမ့်ဆုံး (ဂ) အသင်းကို အဝေးကွင်း၌အနိုင်ရပါက ငွေ ကျပ် သိန်း ၃၀ နှင့် အိမ်ကွင်း၌ အနိုင်ရပါက ငွေကျပ် သိန်း  ၂၀  ကို  အသင်းပိုင်ရှင်က ချီးမြှင့်ခဲ့သည်။

ထို့ကြောင့် ယခုနှစ်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် နိုင်ပွဲ ၁၃ ပွဲ ရရှိခဲ့သည့် ဟံသာဝတီ ယူနိုက်တက်အသင်း အနေဖြင့်  ပွဲနိုင်ကြေးစုစုပေါင်း ငွေကျပ် သိန်း ၆၄၀ ရရှိခဲ့သည်။

ထို့ပြင် ဒုတိယဆုရရှိသည့် ဟံသာဝတီ ယူနိုက်တက်အသင်းကို မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကျင်းပ ရေးကော်မတီက ဆုကြေး ငွေကျပ် သိန်း ၇၅၀ ချီးမြှင့်ခဲ့ပြီး အသင်းပိုင်ရှင်ကလည်း အပိုဆုကြေး  ငွေကျပ် သိန်း ၅၀၀ ထပ်မံချီးမြှင့်ခဲ့သည့်အတွက် ဆုကြေးငွေအားလုံးပေါင်း ငွေကျပ် သိန်း ၁၈၉၀  ရရှိခြင်းဖြစ်ကြောင်း  သိရသည်။                          

ကိုရဲ