နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် International Army Games-2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် သြဂုတ်လ ၂၅ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားခဲ့ရာ ဒေသစံတော်ချိန်ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရှီရီမီကျဲဗာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သြဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို) ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော သံဃာတော်များအားဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နှင့်တွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊အားပေးထောက်ခံမှုတို့ဖြင့် အနာဂတ်တွင်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Convention Center တွင်ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ International Army Games-2022 သို့ နိုင်ငံပေါင်း ၃၇ နိုင်ငံမှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံ အပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များသည် Tank Biathlon (Division-2) ၌ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတွင် အဆင့် ၁ နေရာ၌လည်းကောင်း၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းအနက် အဆင့် ၄ နေရာတွင်လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၇ သင်းအနက် အဆင့် ၄ နေရာတွင်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၇ သင်း အနက်အဆင့် ၇ နေရာတွင်လည်းကောင်း၊ Emergency Area ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၆ နိုင်ငံအနက် အဆင့် ၄ နေရာတွင်လည်းကောင်း၊ တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် ၈ နေရာတွင် လည်းကောင်း အသီးသီးရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
မြန်မာ့တပ်မတော်ကိုယ်စားပြုရိုးရာယဉ်ကျေးမှုအဖွဲ့များက Percussion တီးခတ်မှု(မြန်မာ့ဆိုင်း)ပထမဆု၊ အဆိုပြိုင်ပွဲ(စုံတွဲ) (ရုရှားသီချင်းသီဆိုမှု)ပထမဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆု ပထမဆု၊ အကပြိုင်ပွဲ (၄ယောက်တွဲ)(ရိုးရာအက)တတိယဆု၊ အဆိုပြိုင်ပွဲ (တစ်ဦးချင်း)(အမျိုးသမီး) (Pop သီချင်း )ဒုတိယဆု၊ Folk National Instrument တတိယဆု၊ ပြခန်းခင်းကျင်းပြသမှု တတိယဆု၊ The Best Art Design of The Exhibition အကောင်းဆုံးဆု၊ စစ်ဘက်ဆိုင်ရာချစ်ကြည်ရင်းနှီးမှု တည်တံ့စေမှု ဂုဏ်ပြုရင်ထိုးတံဆိပ်တို့ အသီးသီး ရရှိခဲ့သည့်အပြင် ပရိသတ်မဲပေးရွေးချယ်မှု (People's Choice Award) တွင်လည်း ပထမဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သောင်းသောင်းဖြဖြကြိုဆိုကြသည်။
မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games-2022 ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင် လည်းဆက်လက် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် မိတ်ဆွေစစ်နိုင်ငံဖြစ်သည်။ တစ်နိုင်ငံကောင်းကျိုးကိုတစ်နိုင်ငံကလိုလားခြင်းဖြင့် ချစ်ကြည်ရေးမှာခိုင်မာနေ မည်သာဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် International Army Games-2022 ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့တပ်မတော်ကိုယ်စားပြုအဖွဲ့ဝင်များအနေဖြင့် လာမည့်နှစ်ပြိုင်ပွဲများတွင် နိုင်ငံတော် နှင့်တပ်မတော်၏ ဂုဏ်ရှိန်ပိုမိုမြင့်မားနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝစွာ ကြိုးစားပြီး ထူးချွန်ဆုများစွာ ရရှိပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။