ဘဝအိပ်မက် ပန်းအိပ်မက် အမှတ်စဉ်(၇၄)

လူကြီးတွေကို ဒီလိုပဲ စရနောက်ရသလား ကဲကဲရဲ့၊ ဘွားရွှေကြားရင်အဆဲခံနေရဦးမယ်

ကဲကဲက     ခေါင်းလေးပုကာ တခစ်ခစ်နှင့်ရယ်သည်။ သည်ကလေးမလေးအလျင်တုန်းကလို ချိုချိုရွှင်ရွှင်လေး ပြန်ဖြစ်လာသည့်အတွက်   ဦးဘပွား၏ စိတ်ထဲတွင် ချမ်းမြေ့ကြည်နူးသွားသည်။

လမ်းပေါ်တွင် ရေပက်ကစားနေသော ကလေးတို့၏ အသံများက ဆူညံနေသည်။

လမ်းသွားလမ်းလာတွေက အကြိုနေ့ရေမပက်ရဘူးလေဟု အော်ကာလွတ်အောင်ပြေးသူကပြေးသည်။ တချို့ကတော့ ကလေးတွေ၏ လက်ထဲမှ ရေခွက်ကိုလုကာ သူတို့အားပြန်လောင်းသွားကြသည်။ အော်သံ ဟစ်သံ၊ ရယ်မောသံများနှင့် ဆူညံစည်ကားနေသော သင်္ကြန်အကြိုကို ဦးဘပွားက ငေးမောကြည့်နေမိသည်။

ဘဘကြီး-ကဲကဲအပေါ်ကို ခဏလေးသွားလိုက်ဦးမယ်နော်

အေး

ခဏနေရင် ဘုန်းကြီးကျောင်း သွားကြမယ်နော်

အေး အေး-သွားတာပေါ့

ဘဘကြီးသာ ပါမလာရင် နင့်ကိုထုမယ်တဲ့၊ ကိုတူးက ပြောတယ်

ဟုတ်လား ဦးဘပွားက အလိုက်သင့်ပြောနေသော်လည်း လမ်းပေါ်တွင် ပြေးလွှားပျော်ရွှင်နေကြသူများကို ငေးကြည့်နေမိရင်း စိတ်တွေက လွင့်ပါးနေသည်။

အင်း-သင်္ကြန်၊ သင်္ကြန်တွေ တစ်နှစ်ပြီး တစ်နှစ်ကျ၊   ငါ့အသက်ဟာလည်း တစ်နှစ်ထက်တစ်နှစ်ကြီးလာခဲ့တာပဲ

ဦးဘပွားသည် သူကျော်လွှားခဲ့သော သင်္ကြန်များကိုပြန်တွေးရင်း လှိုက်မောလာသည်။ ငယ်စဉ်တုန်းက သင်္ကြန်ကျလျှင် သူအလွန်ပျော်ခဲ့သည်။ ကလေးဘဝတုန်းကတော့ ရိုးရိုးပျော်သည်။ လူပျိုလူရွယ်ကလေး ဖြစ်လာတော့  မူးပြီးပျော်ရူးပြီး ပျော်သည်။

သင်္ကြန်ရက်များတွင် ဆင်နွှဲခဲ့သော အချစ်ပွဲများ၊ ရန်ပွဲများလည်းမနည်းလှ။

အရွယ်ကလေးထောက်လာတော့ သင်္ကြန်ရေကို သူမကြိုက်တော့၊ သင်္ကြန်ဆိုလျှင်တောင်ကြီး၊ ပြင်ဦးလွင်၊ ဟဲဟိုးစသည့် အေးရာအရပ်ကို သူရွေးခဲ့သည်။

အရိပ်အောက်တွင်လည်းကောင်း၊ အခန်းထဲတွင်လည်းကောင်း သူပျော်မွေ့ခဲ့သည်။   တစ်ဦးတည်းတော့မဟုတ်

အဖော်မိန်းမပျိုတစ်ဦးနှင့်ဖြစ်သည်။ သူ့အဖော်တွေက တစ်နှစ်နှင့်တစ်နှစ်မထပ်။

အခုပြန်စဉ်းစားတော့ သူတို့၏ ရုပ်သွင်ကို လည်းကောင်း၊ အမည်ကိုလည်းကောင်းကောင်းစွာပင် အမှတ်မရချင်တော့။

သင်းပျံ့မွှေးကြိုင်နေသော ပိတောက်ပန်းနံ့ကို ခုံမင်စွာရှူရှိုက်ရင်း ဦးဘပွား၏ရင်ထဲတွင်   နောက်ကျိကျိ ဖြစ်လာသည်။

တောင်ပေါ်က  ပိတောက်တွေက ဝါဖျော့ဖျော့နဲ့မကြိုက်ပါဘူး၊ ကျွန်မက ပိတောက်ဆိုရင်ဝင်းပြီး ဝါထိန်နေမှ ကြိုက်တာဟု သူ့အဖော်မိန်းကလေးတစ်ဦး ပြောဖူးသည်ကို  ဝေေ၀ဝါးဝါးသတိရမိသည်။

ထိုမိန်းကလေး၏စကားကို   အမှတ်မထင်   ပြန်ပြီးသတိရမိသော်လည်း သူ့ရုပ်သွင်ကိုကား ဖြူသလား ညိုသလားပင် စိတ်ထဲတွင်သိပ်၍ မသဲကွဲတော့ချေ။

အင်း-ဘဝဆိုတာ အိပ်မက်တွေမက်နေရသလိုပါပဲ၊ အိပ်မက်တွေဆက်တိုက်မက်ပြီး နိုးလာပြန်တော့လည်း ဘာမှထင်ထင်ရှားရှားမရှိ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာသဖြင့် ဦးဘပွားသည် ကုတ်အင်္ကျီအိတ်ထဲတွင် အသင့်ရှိနေသော စီးကရက်ဘူးကို ထုတ်သည်။ စီးကရက်ဖြူဖြူလေးကို ခေတ္တမျှငေးကြည့်နေမိပြီးမှ   မီးညှိကာ

ဖွာရှိုက်သည်၊    စီးကရက်ခိုးများကို ဝမ်းတွင်းသို့မက်မောစွာရှိုက်သွင်းလိုက် ရင်းခပ်မဲ့မဲ့ပြုံးမိသည်။

အင်း-ခုမှတွေးလို့ပိုကောင်းလာတယ်၊ စီးကရက်ခိုးတွေနဲ့အတွေးတွေကရောပြီး ဝေေ၀ဝါးဝါးမထင်မရှားနဲ့

သူက စီးကရက်ခိုးများကို မှုတ်ထုတ်လိုက်သည်။

အငွေ့ဖြူဖြူများထဲတွင် ရိပ်ရိပ်ကလေးပြုံးနေသောသူ၏ချစ်ဇနီးကို တွေ့ရသည်။ ချစ်ဇနီးက သူကြိုက်သော ကံ့ကော်ပန်းကိုမပန်၊ ပိတောက်ပန်းတွေဝေနေအောင် ပန်ထားသည်။

သို့သော် ပန်းတွေကမဝါ၊ ဖြူနေသည်။

မီးခိုးတွေကလည်းဖြူဖြူ၊ သူဝတ်ထားသော အင်္ကျီကလည်းဖြူဖြူ၊ သူပန်ထားသောပန်းတွေကလည်းဖြူဖြူ၊ အားလုံးဖြူနေသည်။ ဖြူနေသောပိတောက်များကလည်း စူးစူးနစ်နစ်မွှေးပျံ့နေသည်။

ဒီလောက် မွှေးနေပြန်တော့လည်းမူးလာသလိုပဲ

သူက     အနားတွင်ရစ်ဝဲနေသော ပိတောက်ရနံ့ကို ရှူရှိုက်ရင်းမွန်းကျပ်လာသည်။ ပန်းရနံ့ထဲတွင် မျှင်မျှင် ကလေး ရောပါလာသော စီးကရက်နံ့ကို သီးသန့်ဖယ်ထုတ်ပြီး နှစ်သက်စွာ ရှူလိုက်ချင်သည်။

ဘုရား-ရင်ဘတ်ထဲက အောင့်လိုက်တာ မွှေးထုံသင်းပျံ့လွန်းသော ရနံ့များကိုဆက်၍ မရှူရှိုက်ချင်တော့သည့်အတွက် ဦးဘပွားသည်   နေရာမှအသာထကာ ထမင်းစားခန်းဘက်လျှောက်လာသည်။

နှာခေါင်းထဲတွင် အလုံးအရင်းနှင့်နေရာယူထားသော   အမွှေးနံ့တွေပျောက်လိုပျောက်ငြား   စီးကရက်ကို တအားရှိုက်၍ ရှူလိုက်သည်။  ထို့နောက်ချောင်းတွေ တအားဆိုးလာသည်။

        ဆက်လက်ဖော်ပြပါမည်။