တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ) လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၅

 

          တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ရေ၊လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့်ဆောင်ရွက် လျက်ရှိသည်။

 

           ယနေ့တွင် မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ)ကို ဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍  လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။