ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၇၅)
ဆိုး ဆိုး သေအောင်ဆိုးဟဲ့ချောင်း
ချောင်းတွေ တဟွပ်ဟွပ်နှင့်အဆက် မပြတ်ဆိုးရင်း ဦးဘပွားစိတ်ထဲမှပြောနေမိသည်။ ချောင်းတစ်ချက်ဆိုးတိုင်း ရင်ဘတ်ထဲမှ တစ်ချက်နာသည်။ ထို့နောက် ရုတ်တရက် ပျို့တက်လာပြီး မျက်နှာသစ်ခွက်ထဲသို့ ဝေါ့ခနဲထိုးအန်ချလိုက်မိသည်။
သွေးတွေ
ခြင်းခြင်းနီသောသွေးများကိုမြင်တော့ သူ့မျက်လုံးတွေပြာဝေသွားသည်။
ထို့နောက် ချောင်းတွေဆိုးပြန်သည်။ မဆိုးမိအောင် တားသော်လည်းမရ၊ တင်းသော်လည်းမနိုင်၊ ပွက်ခနဲအန်ချမိသော သွေးများကို မကြည့်ချင်သော်လည်း မြင်နေရသည်။
သွေးတွေအန်နေပြီ ဘုရား ဘုရား၊ ငါသွေးတွေ အန်နေပြီလား
သူက တုန်တုန်လှုပ်လှုပ်တွေးရင်း နံရံကို အားပျော့စွာမှီထားလိုက်မိသည်။ ရင်ဘတ်ထဲတွင် စူးပြီး အောင့်နေသော ဝေဒနာကို သိသိသာသာခံစားနေရသည်။
ဘဘကြီးရေ
ကဲကဲ၏အသံကို ကြားရသည်။
ဘဘကြီးရေ သွားမယ်လေ
ဦးဘပွားသည် စားပွဲပေါ်မှလက်သုတ်ပဝါကိုကောက်ကာ ပါးစပ်ကိုကမန်းကတန်းသုတ်လိုက်သည်။
ထို့နောက် လက်ဆေးကြွေဇလုံမှ ရေ ပိုက်ခေါင်းကို ဖွင့်ချလိုက်သည်။ နီရဲသောသွေးရောင်သည် ကျလာသော ရေများနှင့်ရောကာ အရောင်ဖျော့သွားသည်။
ဦးကံမြင့်ကို ခေါ်ခိုင်းရင်ကောင်းမလား
ကိုဦးတို့ရှင်ပြုပွဲတွင် ဦးကံမြင့်သည် တစ်ဦးတည်းသော အထူးဧည့်သည်တော်ဖြစ်သည်။ ယခုအချိန်လောက် ဆိုလျှင် ဘုန်းကြီးကျောင်းသို့ ရောက်လျှင် ရောက်နေလောက်ပေပြီ။
ငါဒီလိုဖြစ်နေတယ်ဆိုရင် ဦးကံမြင့် တော့ပျာယာခတ်သွားမှာပဲ၊ နောက်ပြီး ဆေးရုံတင်ဖို့ သွေးသွင်းဖို့ အရေးတကြီး လုပ်မှာပဲ
ပန်းနုရောင်ရေများသည် ရေထွက် ပေါက်မှ ဝဲလှည့်ကာထွက်သွားသည်။
တော်ပါပြီ၊ တော်ကြာ သူတို့အကုန်လုံး လန့်ဖျပ်ကုန်လိမ့်မယ်၊ စိုးရိမ်ပြီးအကုန်လုံးပြန်ပြေးလာကြရင် ရှင်ပြုပွဲလေးတောင် ပျက်ချင်ပျက်သွားမှာ၊ အို-တော်ပြီ တော်ပြီ၊ ဘယ်သူ့ကိုမှ မပြောတော့ပါဘူး
ဦးဘပွားက သူ့စိတ်ကိုသူဆုံးဖြတ်သည်။
ရှင်ပြုပွဲလေး အေးချမ်းစွာပြီးဆုံးသွားပါစေတော့။
ဘဘကြီးရေ-ဘာလုပ်နေလဲ၊ သွားကြမယ်လေ
ကဲကဲက ဦးဘပွား၏ဘေးသို့ ရောက်လာသည်။ သူ့မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသည် ကိုလည်း သတိထားမိဟန်မရှိ။
ကဲကဲ သွားနှင့်ပါလား
ဟင်-ဘာဖြစ်လို့လဲ
ဘဘကြီးဆီကို ဧည့်သည်တစ်ယောက်လာဖို့ရှိတယ်၊ ဘဘကြီးစောင့်နေရမယ်
ဟင်-ဒီလိုဆို သမီးလည်းအတူတူစောင့်နေမယ်လေ၊ ပြီးမှ အတူတူသွားမယ်နော်
ကဲကဲငိုချင်သွားသည်။ ဘဘကြီးမပါဘဲ သူမသွားလို။ ကိုဦးတို့ ကိုတူးတို့ မျှော်နေကြမည်ကိုလည်း သူသိသည်။
ဘဘကြီးပါမလာရင် ကိုဦးကဆူမှာ၊ နောက်ပြီး ကိုတူးကလည်းဆူမှာ
အေး-ဒါပေမဲ့ ဘဘကြီးက ဧည့်သည်ကိုစောင့်ရဦးမယ်ဆိုမှ လိုက်လာလို့မရဘူး
ကဲကဲလည်း အတူတူစောင့်
မစောင့်နဲ့-သွား
ဦးဘပွား စိတ်တိုတောင်းစွာနှင့်အော်သည်။ နဖူးပြင်တွင် ချွေးတွေစို့နေပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို ကဲကဲက အခုမှသတိထားမိပြီး စိုးရိမ်သွားသည်။
ဟင်-ဘဘကြီး နေမကောင်းဘူးလား
သူ့ကိုစိုးရိမ်တကြီးမော်ကြည့်နေသော ကဲကဲကိုကြည့်ရင်း ဦးဘပွားဝမ်းနည်းသွားသည်။
ဘဘကြီးနေမကောင်းရင် ကဲကဲစောင့်နေမယ်လေ၊ မသွားတော့ဘူး
မစောင့်နဲ့၊ သွား
ဘဘကြီးမှ နေမကောင်းတာ
ကောင်းကောင်း မကောင်းကောင်းသွား
ဦးဘပွားက ဒေါသသံနှင့်အော်ပြန်တော့ ကဲကဲ၏မျက်လုံးလေးများဝိုင်းသွားသည်။
ငါစကားကြောရှည်လို့ ဘဘကြီးစိတ်ဆိုးသွားပြီလား ဟု တွေးတောကာ အလန့်လန့် အဖျပ်ဖျပ်ဖြစ်သွားသည်။
ဆက်လက်ဖော်ပြပါမည်။