ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၇၆)
သွားလို့ ဆိုနေတယ်နော်
ဦးဘပွားက အံကြိတ်သံနှင့်ထပ်ပြောသည်။ သည်ကလေးမလေးကို သည်အခန်းထဲမှ မြန်မြန်ထွက်သွားစေချင်လှပြီ။
မသွားသေးဘူးလား-ဟင်
ကဲကဲက ရုတ်တရက်မျက်ရည်တွေလည်လာကာ ခေါင်းလေးငုံ့လိုက်သည်။
ထို့နောက် ဟုတ်ကဲ့ ဟု အသံတုန်တုန်လေးနှင့်ပြောပြီး ဆုတ်ကန်ကန်လေးထွက်သွားသည်။ ဘဘကြီးက သူ့ကိုဘာလို့ သည်လောက်စိတ်ဆိုးသွားရတာလဲဟု စဉ်းစား၍မရ။
ဘဘကြီးမလာနိုင်ရင် ကိုဦးတို့သင်္ကန်းဝတ်ပြီးတော့ ခေါ်လာမယ်နော်
အပေါက်ဝရောက်တော့ လည်ပြန်လေးလှည့်ကာ မရဲတရဲနှင့်တိုးတိုးလေးပြောသည်။ ချောင်းဆိုးချင်စိတ်ကို အတင်းထိန်းပြီး တင်းတင်းမာမာကြီးဖြစ်နေသော ဦးဘပွား၏မျက်နှာက အတန်ငယ်ပျော့သွားသည်။ ထို့နောက် ခေါင်းကိုလေးပင်စွာ ညိတ်ပြသည်။
သမီးကားပြန်လွှတ်လိုက်မယ်နော်၊ ဘဘကြီးဧည့်သည်ပြန်သွားရင်လာခဲ့မလားဟင်
အတန်ငယ်အားတက်သွားသောကဲကဲက တိုးတိုးလေးထပ်ပြောသည်။
ဦးဘပွားက ကြိုးစား၍ပြုံးရင်း ခေါင်းကိုထပ်ညိတ်သည်။ သို့သော် သူပြောသောဧည့်သည်က သေမင်းဟူသည့် ဧည့်သည်ဆိုတော့ ထိုဧည့်သည်လာဖြစ်လို့လာလျှင်-သူက မျက်ရည်စို့စို့ဝဲနေသော ကဲကဲ၏ မျက်နှာလေးကို ငေးကြည့်ရင်း-
ဝမ်းမနည်းပါနဲ့ ကလေးရယ်၊ မင်းကိုဘဘကြီး စိတ်ဆိုးနေတာမဟုတ်ပါဘူး
ဟုစိတ်ထဲမှ ပြောနေမိသည်။ ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချောင်းဆိုးလာသည်။ ထို့ကြောင့် ကဲကဲကိုလက်ပြပြီးနှင်သည်။
ကျုပ်တော့ သွားတော့မယ်ဗျို့
ဦးထင်က မျက်နှာငယ်လေးနှင့် ထွက်လာသောကဲကဲ၏လက်ကိုဆွဲခေါ်ရင်းအော်ပြောသည်။
တကယ်သွားရမှာက ကျုပ်ပါဗျာ
သူက ချောင်းတဟွပ်ဟွပ်ဆိုးနေရင်း စိတ်ထဲမှပြန်ပြောနေမိသေးသည်။ ဟုတ်သည်။ တကယ်သွားနှင့်ရမည်က သူဖြစ်သည်ဟု သူ့ကိုယ်သူသိနေသည်။
ဟဲ့ ကလေးတွေ၊ ဥပုသ်သည်ကို ရေမပက်ရဘူးဆိုမှ၊ ငရဲမကြောက်ကြဘူးလားဟင်
ဒေါ်ရွှေနု၏ အသံစာစာကိုကြားရပြန်သည်။ ထို့နောက် ကလေးများ၏ ရယ်မောသံ၊ ကားစက်နှိုးသောအသံ၊ ကားထွက်သွားသောအသံ။
ဆိုး ဆိုးစမ်းဟဲ့၊ ဒီချောင်းဆိုးလိုက်စမ်းဟဲ့၊ ဒီချောင်း
အခုမှ စိတ်လွတ်ကိုယ်လွတ် ချောင်းဆိုးရင်း ဦးဘပွားက စိတ်ထဲမှ ပြောနေမိပြန်သည်။ တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေသော ရင်ဘတ်ကြီးတစ်ပြင်လုံးက ပိုပြီးနာကျင်ကာ အောင့်လာသည်။ ထို့နောက် သူအန်သည်။
ဘုရား...ဘုရား
တစ်သက်နှင့်တစ်ကိုယ် ဤမျှများသော သွေးများကိုသူမမြင်ဖူးခဲ့၊ သူ့ကိုယ်ထဲမှ ဤမျှများသော သွေးများအန်ထွက်လာသည်ကို ရဲရဲဝံ့ဝံ့မကြည့်ရဲသည့်အတွက် မျက်စိကိုမှိတ်ထားလိုက်သည်။
အိပ်နေလိုက်တာ ကောင်းမယ်ထင်တယ်
ခြေလှမ်းအနည်းငယ်သာဝေးကွာသော အိပ်ခန်းဆီသို့ သူကခဲယဉ်းပင်ပန်းစွာ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။
ဦးကံမြင့်ကတော့ ငါ့ကိုမြန်မြန်သေမယ်လို့ မထင်သေးပါဘူး၊ ဒါပေမဲ့ အထဲကသွေးကြောတွေ ရုတ်တရက်ပေါက်ကွဲကုန်မှာကိုတော့ သူအမြဲစိုးရိမ်နေတယ်
ဖွေးပြီးသန့်နေသော မွေ့ရာကိုလှမ်းမြင်လိုက်တော့ ခဏလောက်ငြိမ်ငြိမ်လေးလှဲနေလိုက်လျှင် သက်သာသွား လေမလားဟု သူကမျှော်လင့်လိုက်မိပြန်သည်။
သို့သော် အိပ်ရာပေါ်သို့ ကမူးရှူးထိုးလှဲအိပ်မည်ပြုစဉ် သူ့ကိုယ်သူမထိန်းနိုင်ဘဲ အန်ပြန်သည်။ ဖြူဖွေးနူးညံ့သော အိပ်ရာခင်းဖြူဖြူပေါ်သို့ပွက်ခနဲပွက်ခနဲ ကျလာသောသွေးများကို သူက ကြောက်လန့်တကြားကြည့်ရင်း တစ်ကိုယ်လုံးအေးစက်ကာ တုန်ယင်လာသည်။
သွေး သွေး ထိုသွေးများကို သူမကြည့်ချင်၊ မမြင်ချင်။ ရင်ဘတ်ထဲမှ စူးစူးရှရှနာကျင်လှသော ဝေဒနာကိုလည်း
ကြာရှည်မခံစားချင်၊ လွန်မြောက်ချင်သည်။ ဘယ်နည်းနှင့်မဆို လွန်မြောက်သက်သာချင်သည်။
ဆက်လက်ဖော်ပြပါမည်။