ဘဝအိပ်မက် ပန်းအိပ်မက်
အမှတ်စဉ်(၇၇)
“ခဏနေရင် သက်သာသွားမှာ၊ ဒါဟာ သိပ်ကြာမှာမဟုတ်ပါဘူး”
သူက သူ့ကိုယ်သူ အားပေးရင်း အိပ်ရာပေါ်တွင် တစ်စောင်းကြီး လှဲအိပ်နေမိသည်။ အသက်ရှူရသည်မှာ ရင်ထဲသို့ လေမရောက်၊ သူရှူသွင်းလိုက်သော လေများသည် ဘယ်ကိုများ ရောက်ကုန်လေသနည်းဟုတွေးကာ ပင်ပင်ပန်းပန်း ရှိုက်၍ရှိုက်၍ရှူရင်း သူ့ကိုစောင့်မျှော်နေကြမည့် ကိုဦးတို့ ညီအစ်ကိုအား သတိရသည်။
သူပါမလာ၍ ကဲကဲကိုများ ဝိုင်း၍ဆူလေကြလေမလား။
မျက်နှာကြက်ဖြူဖြူသည် သူ့အပေါ်တွင်ဝဲကာ ပတ်ချာလည်နေသည်။ စားပွဲပေါ်မှ ပန်းအိုးကလေးကတော့ ဆယ်လုံးလောက် ပွားသွားသည်။ နွမ်းပျော့နေသော ရေမွှေးနှင်းဆီကလေးများသည် အပေါ်သို့ လွင့်တက်သွားပြီး မျက်နှာကြက်နှင့်အတူ ရောကာ ချာချာလည်နေသည်။ ထို့နောက် သူ့ကိုယ်ပေါ်သို့ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်နှင့် ပြုတ်ကျလာကြသည်။ ထိုသို့ပင်သူထင်သည်။
“မကြောက်နဲ့- မကြောက်စမ်းနဲ့၊ ဒါဟာ ကြောက်စရာမဟုတ်ပါဘူး”
သူ၏စိတ်က သူ့ကိုပြောသည်။ ပျံ့လွင့်နေသော အာရုံများကို အတင်းဆွဲ၍ စုသည်။ တပင်တပန်းရှိုက်၍ ရှူနေရသော ဝင်သက်နှင့်ထွက်သက်တို့တွင် သတိကို ကပ်ရန်ကြိုးစားသည်။ ငြိမ်သည်ဟုမဟုတ်သော်လည်း ခဏလေးတော့ ငြိမ်သွားသည်။
ဟိုးအဝေးဆီတွင် အလင်းရောင်ပျပျလေးကို မြင်ရသည်။ ကိုရင်ဝတ်ပြီးသွားကြပြီဖြစ်သော ကိုဦးတို့ညီအစ်ကိုက သူ့ဆီသို့လျှောက်လာကြသည်။ တည်ငြိမ်သော ဣန္ဒြေကလေးများနှင့် မျက်လွှာ ကိုယ်စီချကာ တစ်စုံတစ်ခုကို ရွတ်ဆိုနေကြသည်။ သူသဲသဲကွဲကွဲ မကြားရ၊ အသံတွေကဝေဝါးနေသည်။
ထို့နောက် ဟိုးအဝေးဆီက လာသော အသံလိုလို၊ ချိုအေးနူးညံ့သော အသံလေးကို တိုးတိုးလေးကြားရသည်။ “ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါသည်။ အရှင်ဘုရား၊ ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါသည် အရှင်ဘုရား၊ သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါသည် အရှင်ဘုရား” သဲ့သဲ့လေးကြားနေရသော အသံကို နားစိုက်ထောင်ရင်း ဦးဘပွားက လက်နှစ်ဖက်ကို ရင်ဝယ်စုစည်းကာ လက်အုပ်ချီမိုးကန်တော့လိုက်သည်။
ဟော-ရင်ထဲတွင် စူးစူးရှရှအောင့်ပြီး အနေဆိုးလာပြန်ပြီ။ အန်ချင်လာပြန်ပြီ၊ ချောင်းတွေ ဆိုးလာပြန်ပြီ။ သူက စားပွဲစွန်းကို ဖမ်းကိုင်ပြီး ထရန်ကြိုးစားသည်။
သို့သော် စားပွဲကိုမကိုင်မိ၊ စားပွဲပေါ်မှ ပန်းအိုးသာ လက်နှင့် ယမ်း၍ ရိုက်မိသည်။
“ခွမ်း” ခနဲကွဲကြေသွားသော အသံကို ကြားရသော်လည်း သူဘာမှန်းမသိ၊ ဖန်ကွဲစကို ဆုပ်ကိုင်မိ၍ လက်တွင်ရှကာ သွေးထွက်လာသော်လည်း သူနာမှန်းမသိ၊ သူအန်ချင်သည်။ ရင်ထဲတွင်ဆို့နေကျပ်နေ ခဲနေသည်။ နာနေသည်။ ထိုဝေဒနာအားလုံးကို သူအန်ထုတ်ပစ်လိုက်ချင်သည်။
သူက ပင်ပန်းကြီးစွာ ချောင်းဆိုးရင်း ဝေါခနဲထိုး၍အန်ချလိုက်သည်။
ဟော-ကဲကဲ၏ အသံလေးကိုကြားရပြန်ပြီ “ဘဘကြီးရေ” တဲ့၊ “တရားနာရအောင်လေ”တဲ့။
“အေး- လာခဲ့မယ်၊ ဘဘကြီးလာခဲ့မယ်၊ တရားနာဖို့ ဘဘကြီး လာ...လာ...လာ...မှာ...ပေါ့”ဦးဘပွားက စိတ်ထဲမှပြန်ပြောနေမိသည်။
“ဟုတ်တယ် တ...ရား...နာ...ရ...ဦး”
သူ၏ခေါင်းသည် လည်ပြီး စိုက်ကျသွားသည်။ သတိလစ်မသွားမီ သူသည် ဝေဒနာအပေါင်းမှ လွန်မြောက်သက်သာသွားသည်ဟု သူ့ကိုယ်သူ ထင်လိုက်မိသည်။
ပူနွေးတောက်ပနေသော အပြင်လောကတွင် ဝင်းဝင်းဝါသော ပိတောက်ပန်းများက လန်းဆန်းဝေဆာနေသည်။ ဝန်းကျင်တစ်ခွင်လုံးတွင်လည်း မွှေးထုံသင်းပျံ့နေသည်။ ရယ်မောပျော်ရွှင်နေကြသော ကလေးတို့၏ အသံကလည်း ဆူညံနေလေသည်။
လေအေးစက်တပ်ဆင်ထားသော အခန်းထဲတွင်တော့ သွေးနံ့တွေ ညှီနေလေသည်။ အေးစက်စိုထိုင်းပြီး ငြိမ်သက်တိတ်ဆိတ်နေသည်။ ဖန်ကွဲစ သွေးစတွေ ကြဲပြန့်ပေကျံနေသော ကြမ်းပြင်ပေါ်သို့ နွမ်းနွမ်းပျော့ပျော့ နှင်းဆီပွင့်နှင်းဆီလွှာကလေးများက ကြွေလွင့်ပြီး ကျလာလေသည်။
ပန်းကလေးများ ဖူးလာ၊ ငုံလာ၊ ပွင့်လာကြသည်။ မွှေးပျံ့သင်းထုံလာကြသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ညှိုးလာနွမ်းလာပြီး ခြောက်သွေ့သွားကြသည်။ ကြွေကြရသည်။
ထိုအရာများသည် ဤလောက၊ ဤ သံသရာကြီး၏ ဖြစ်စဉ်၊ ဖြစ်မြဲ ဖြစ်ဆဲ ဓမ္မတာများပင်ဖြစ်သည်။
အရေးကြီးသည်ကား မကြွေမီ မနွမ်းမီ သူ့မိခင်ပန်းပင်နှင့် သူ့ပတ်ဝန်းကျင်ကို သူကအလှဆင်နိုင်ဖို့ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်စေဖို့ပင်ဖြစ်သည်ကို ကွယ်လွန်သူ ဦးဘပွားတစ်ယောက် ကောင်းစွာ သဘောပေါက် နားလည်ခဲ့ပြီ ဖြစ်လေသည်။
ပြီးပါပြီ။