ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁)

  ငရဲအိုးထဲဇောက်ထိုးပဲကျကျ

နယ်ချဲ့အင်္ဂလိပ်တို့သည် ကျွန်တော်တို့မြန်မာနိုင်ငံကို ကျူးကျော်ရန်စ တိုက်ခိုက်သိမ်းပိုက်လိုက်ကာ သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာတို့ ကျွန်ဖြစ်ခဲ့ရပါသည်။

ကျွန်တော်တို့ကို ကျွန်ပြုခဲ့သော အင်္ဂလိပ်ကို  မုန်းခဲ့သည်။ လူမှန်းသိစ ကလေးဘဝကတည်းက အင်္ဂလိပ်ကို မုန်းနေခဲ့သော အမုန်းအစွဲသည် နယ်ချဲ့ဟူသောအသိဖြင့် မုန်းနေခြင်းမဟုတ်ဘဲ အင်္ဂလိပ်လူမျိုးဟူသော အသိဖြင့်သာ ခေါင်းထဲ၊ အသည်းထဲတွင် စွဲစွဲမြဲမြဲဖြစ်နေခဲ့ပါသည်။ လူမျိုးကို မမုန်းရ၊ နယ်ချဲ့ဝါဒကိုသာ မုန်းရမည်ဟုမိဘ၊ ဆရာသမား၊ နောင်တော်ကြီးများက သွန်သင်ခဲ့သော်လည်း မူလရှိရင်းစွဲ၊ စိတ်တွင် စွဲထင်နေသည့် အသိကို ရုတ်တရက်မပြောင်းနိုင်ခဲ့သေးပါ။

ရွှေကိုယူသည်၊ ငွေကို ယူသည်၊ နောက်တော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက် ပါတော့သည် ဆိုသော သီချင်းသံကြားလျှင် အင်္ဂလိပ်ကြီးမျက်နှာကိုသာ ပြေးမြင်နေမိပါသည်။(မြန်မာအမျိုးသမီးကို အင်္ဂလိပ်ကယူသည်ဟု သိရသောအခါ အသည်းဆတ်ဆတ်နာမိခဲ့သည်။)

ကိုယ့်တိုင်းပြည်ကို တိုင်းတစ်ပါးသားတို့ လာရောက်အုပ်စိုးဖိနှိပ်ချုပ်ချယ်ခြင်းကို မကြိုက်ပါ။ ထိုအချိန် ထိုကာလတွင် လွတ်လပ်ရေးအတွက် တော်လှန်တိုက်ခိုက်ရမည်ဆိုသော ဗီဇစိတ်ဓာတ်နှင့် အမျိုးကိုချစ်သော စိတ်ကို ပတ်ဝန်းကျင်က ပြုစုပျိုးထောင်ပေးလျက်ရှိနေကြသည်။ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ မြေအောက်လှုပ်ရှားမှုများ ကျွန်တော်တို့မြို့တွင် အတက်ကြွဆုံး လှုပ်ရှားလျက်ရှိနေသည်။ နောင်တော်ကြီးများ လှုပ်ရှားဆောင်ရွက်နေကြသည်ကို ကျွန်တော်တို့လူငယ်များ မြင်တွေ့နေကြရသည်။ ကိုယ်တိုင်ပါဝင်နိုင်သည့် အပိုင်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်ကြပါသည်။ လေးငါးရှစ်နှစ်အရွယ်ကလေးများ အရွယ်မှာပင် လမ်းမီးတိုင်များမှ   မီးသီးများ၊ အစိုးရပိုင်အဆောက်အအုံများမှ မှန်တံခါးများကို သားရေပတ်(လောက်လေးခွ)ဖြင့် ပစ်ခတ်ဖျက်ဆီးရသည်ကို မိမိကိုယ်မိမိ လူစွမ်းကောင်းကြီး သဖွယ် ထင်မှတ်နေသည်မှာ စင်စစ်ရယ်စရာကောင်းနေသော်လည်း  ထိုလုပ်ဆောင်ချက်ကလေးများသည်  နယ်ချဲ့အစိုးရအပေါ် ဆန့်ကျင်သည့် ရေသောက်မြစ် ကလေးတစ်ခုဟု ဆိုရမည်လားမသိပါ။

မြို့တွင်း ရပ်ကွက်တိုင်းတွင် စာကြည့်တိုက် ရှိသည်။ စာကြည့်တိုက်မှနောင်တော်ကြီးများဖတ်သည့် နိုင်ငံရေးစာအုပ်ထူထူကြီးများကို ကျွန်တော်ငှားဖတ်လေ့ရှိပါသည်။

ကျွန်တော်တို့  အစိုးရကျောင်းကြီးတွင် ဖွဲ့စည်းထားသော ဘွိုင်စကောက်အဖွဲ့သို့ မဝင်ဘဲ သံမဏိတပ်ဖွဲ့သို့ ဝင်ကြသည်။

ကျွန်တော်တို့သည် အင်္ဂလိပ်ကို မည်မျှမုန်းသနည်းဟုဆိုရပါမူ အင်္ဂလိပ်နှင့် ဂျာမနီစစ်ဖြစ်သောအခါ  နယ်ချဲ့ချင်းအတူတူဖြစ်သော်လည်း  ဂျာမနီဘက်မှ  အားပေးကြသည်။ ကျွန်တော်တို့မတိုက်နိုင်သေးသော အင်္ဂလိပ်ကို ဂျာမနီက တိုက်သဖြင့် ဂျာမနီတို့ဘက်မှ အားပေးကြခြင်း ဖြစ်ပါတော့သည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင်ဂျပန်က အရှေ့တောင်အာရှစစ်ပွဲကို ဆင်နွှဲရန်  စစ်ကြေညာလိုက်သောအခါ  မြန်မာနိုင်ငံအတွင်း စစ်ဖြစ်တော့မည်ဟု လူကြီးပိုင်းက ပူပင်ကြသော်လည်း လူငယ်ပိုင်းကမူ အင်္ဂလိပ်ကိုပြန်တိုက်ရန် အခွင့်အလမ်းပွင့်လေပြီဟု ဝမ်းသာကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်သည် ဂျပန်တို့စစ်မကြေညာမီကပင် မြန်မာနိုင်ငံမှ ဂျပန်ပြည်သို့ တိတ်တဆိတ်ထွက်ခွာသွားကြပြီး ဂျပန်ပြည်တွင် စစ်ပညာရပ်များ သင်ကြားကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဗန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ဖွဲ့စည်းခဲ့ကြပါသည်။   ဘီအိုင်အေတပ်များသည် စစ်ကြောင်းများခွဲကာ မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာကြပြီး အင်္ဂလိပ်တပ်များကို တိုက်ခိုက်နေကြကြောင်း  သတင်းများ ကြားသိရပါသည်။ ကျွန်တော်တို့သည် ဘီအိုင်အေတပ်သို့ ဝင်ရောက်ရန် စိတ်ပြင်းပြထက်သန်လျက် ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်   တပ်ရှိရာသို့ သွားရောက်ရန်မလွယ်ကူခဲ့ပါ။

ဘီအိုင်အေတပ်များနှင့်  ဂျပန်တပ်များသည် ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်မြို့များ ကို တိုက်ခိုက် သိမ်းပိုက်လိုက်ကြသည်။ ရန်ကုန်မြို့ကို သိမ်းလိုက်ပြီးနောက် အင်္ဂလိပ်တပ်များ မန္တလေးဘက်သို့ ဆုတ်ခွာသည့်နှုန်း ပို၍ မြန်လာပါသည်။

မန္တလေးမြို့နှင့်     စစ်ကိုင်းမြို့တို့တွင် အင်္ဂလိပ်တပ်များ ပြည့်ကျပ်လျက်ရှိပါသည်။

စစ်ကိုင်းမြို့ရှိ ဂိုဒေါင်များ၊ အဆောက်အအုံများတွင် တပ်မှရိက္ခာများအပြည့် သိုလှောင်ထားခဲ့ကြသော်လည်း စစ်ကိုင်းမြို့မှ ဆုတ်ခွာသွားသောအခါ ယူဆောင်မသွားနိုင်ဘဲ ထားပစ်ခဲ့ကြရသည်။ အောက်မြန်မာပြည်မှ ဆုတ်ခွာလာသောတပ်များတွင်   အင်္ဂလိပ်တပ်များ၊ အိန္ဒိယတပ်များ၊ ချန်ကေရှိတ်၏ တရုတ်တပ်များအပြင် စစ်ဘက်၊ နယ်ဘက်မှမိသားစုများလည်း ပါရှိကြသည်။

ဆက်လက်ဖော်ပြပါမည်။

မိုးမိုးတာရောစန်