ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၂)
ဂျပန်ကိုကြောက်၍ပြေးလာကြသည့် စစ်ပြေးများမှာ ထောင်ပေါင်းများစွာ ရှိနေကြသည်။ ပြေးလာကြသူ အများစုမှာ အိန္ဒိယလူမျိုးများ ဖြစ်ကြပါသည်။
အင်္ဂလိပ်တပ်များသည် မန္တလေးမှ မြောက်ဘက်သို့ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ကာ မီးရထား၊ မော်တော်ယာဉ်များဖြင့် ဆုတ်ခွာ ထွက်ပြေးလျက်ရှိသည်။
ဤသို့ထွက်ခွာကြရာတွင် ဦးစားပေး အဆင့်အရ အရေးကြီးတပ်များ၊ အရေးကြီးပုဂ္ဂိုလ်များနှင့် မိသားစုများကို ဦးစားပေး သယ်ယူလျက်ရှိပါသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းများတွင်လည်း သင်္ဘောများဖြင့် မြောက်ဘက်သို့ ဆန်တက်လျက်ရှိကြပါသည်။
မီးရထား၊ မော်တော်ယာဉ်များနှင့် လိုက်ပါခွင့်မရရှိကြသော အိန္ဒိယလူမျိုး အရပ်သားများမှာ အထုပ်အပိုးများနှင့် လမ်းမလျှောက်နိုင်သည့် ကလေးငယ်များကို ထမ်းပိုးလျက် ခြေကျင်ချီလျက်ရှိပါသည်။ စစ်ကိုင်းတံတားကြီးပေါ်တွင် ဖြတ်သန်းသွားနေကြသော စစ်ပြေးဒုက္ခသည် လူအုပ်ကြီးမှာ အဆက်ပြတ်သည် မရှိအောင် များပြားလှပါသည်။ စစ်ကိုင်းမြို့ပေါ်တွင် ရာပေါင်းများစွာသော လူအုပ်ကြီးဖြတ်ကျော်နေရာတွင် ဖုန်တထောင်းထောင်းနှင့် နွားအုပ်ကြီး မောင်းလာသကဲ့သို့ ရှိနေပါသည်။ ခြေကျင်သွားနေကြသော စစ်ပြေးဒုက္ခသည်များသည် မိမိတို့အား ဖြတ်ကျော်မောင်းနှင် သွားနေသောမော်တော်ယာဉ်များကို လက်ပြတားပြီး လိုက်ပါခွင့်ရပါမည့် အကြောင်း သနားစဖွယ် တောင်းပန်ကြသော်လည်း လမ်းဘေးတွင် အတုံးအရုံး လဲကျလျက် ရှိကြပါသည်။
ဆက်လက်၍ လမ်းမလျှောက်နိုင်သဖြင့် လမ်းဘေးတွင် နားနေအိပ်စက် နေကြသူများမှာလည်း မြင်မကောင်းအောင် ရှိနေကြပါသည်။ ဆာလောင်မွတ်သိပ်၍ ငိုယိုအော်ဟစ်နေသော ကလေးငယ်များ၏ အသံများကလည်း ပွက်လောရိုက်လျက် ရှိနေပါသည်။
ကျွန်တော်တို့မြို့မှ လူများမှာ ကြင်နာသနားစိတ်၊ စာနာညှာတာစိတ် ရှိကြပါသည်။
သို့သော် ကိုယ့်ဒုက္ခနှင့် ကိုယ်ဖြစ်နေသော အချိန်ကာလဖြစ်ရာ ဒုက္ခသည်များကို ရေတိုက်ရန်မှတစ်ပါး အခြားမကူညီနိုင်ကြပါ။ ဝမ်းရောဂါကြောင့် လည်းကောင်း၊ အခြားရောဂါများကြောင့် လည်းကောင်း အသေအပျောက်များ ရှိကြပါသည်။
လမ်းဘေးတစ်လျှောက်လုံး ကျင်ကြီး၊ ကျင်ငယ် အညစ်အကြေးများဖြင့် နံစော်လျက်ရှိနေပါသည်။
၁၉၄၂ ခုနှစ် ဧပြီလ ၃၀ ရက် ညပိုင်းတွင် စစ်ကိုင်းတံတားကြီးကို အင်္ဂလိပ်စစ်တပ်မှ ယမ်းဘီလူးများဖြင့် ဖောက်ခွဲကာ ဖျက်ဆီးပစ်လိုက်ပါသည်။ ဖောက်ခွဲသည့်အချိန်မှာ ည ၉ နာရီခန့်ဖြစ်ရာ မှောင်မည်းနေသော ညအမှောင်တွင် မီးတောက်မီးလျှံများ ဝင်းလက်သွားပြီး ကြောက်မက်ဖွယ်အသံကြီး မြည်ဟိန်း ထွက်ပေါ်လာလေရာ စစ်ကိုင်းမြို့ပေါ်တွင် နောက်ချန်နေခဲ့သော မြို့သူ၊ မြို့သားများသည် ညတွင်းချင်းပင် စစ်ကိုင်းတောင်ရိုးဘက်သို့ အလန့်တကြား ပြေးသွားကြရာ တိုင်းပြည်ပျက်သလို ပွက်လောရိုက်သွားပါတော့သည်။ စစ်ကိုင်းမြို့ပေါ်ရှိ မြို့သူ၊ မြို့သားများသာမက စစ်ကိုင်းတောင်ရိုးတွင် ခိုလှုံနေကြသော အနယ်နယ်အရပ်ရပ်မှ စစ်ပြေးများသည်လည်း စစ်ကိုင်းတောင်ရိုး၏ မြောက်ဘက်အာလောင်ရွာကို ကျော်၍ မင်းကွန်းဘက်အထိ တစ်ဆင့် တိုးပြေးကြပြန်ရာ နောက်တစ်နေ့တစ်နေ့လုံး စစ်ကိုင်းတောင်ရိုး မြောက်ဘက်ကမ်းနား တစ်လျှောက်နှင့် သောင်ပြင်များတွင် လူအုပ်ကြီးများ ဖွေးဖွေးလှုပ်လျက်ရှိနေပါတော့သည်။
မေလ ၁ ရက် နံနက်တွင် စစ်ကိုင်းတံတားကြီး၏ စစ်ကိုင်းဘက်မှ တတိယခုံးကြီးမှာ ဧရာဝတီမြစ်အတွင်းသို့ ကျိုးကျပျက်စီးလျက်ရှိသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ကြရပါသည်။
စစ်ကိုင်းတံတားကြီးကို ချိုးပစ်လိုက်သော်လည်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနှင့် မန္တလေးမြို့တို့တွင် အင်္ဂလိပ်တပ်အချို့နှင့် စစ်ပြေးဒုက္ခသည်များသည် ရွှေကြက်ယက်ဘုရား အနီးမှလည်းကောင်း၊ စစ်ကိုင်းတံတား သပြေတန်း ခံတပ်အနီးမှ လည်းကောင်း ရရာလှေ၊ သမ္ဗန်များဖြင့် အနောက်ဘက်ကမ်းသို့ အလုအယက် ဖြတ်ကူးလျက်ရှိကြပါသည်။ ဝါးဖောင်များ ပင်စီး၍ မျှောချနေကြပါသည်။
ဆက်လက်ဖော်ပြပါမည်။