ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတော်အကြီးအကဲများကို လာရောက်ကြိုဆို ကြသူများနှင့် ခရီးစဉ်တွင် လိုက်ပါသွားသော တာဝန်ရှိသူတို့၏ စကားသံများ
ရုရှားခရီးစဉ်အတွင်း (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ခြင်းနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြီးအကဲများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုသို့ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြီးအကဲများကို တိုင်းရင်းသား၊ တိုင်းရင်းသူ၊ သားငယ်၊ သမီးငယ်လေးများ၊ ရိုးရာအကအလှအဖွဲ့များနှင့်ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါခရီးစဉ်တွင်လိုက်ပါခဲ့သောတာဝန်ရှိသူနှင့် လာရောက်ကြိုဆိုကြသူများ၏ စကားသံများကို မျှဝေပေးလိုက်ရပါသည်-
ဗိုလ်ချုပ်ဇော်မင်းထွန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်ကို တစ်ပတ်ကြာသွားရောက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုသွားရောက်ပြီး တက်ရောက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ခရီးစဉ်စကတည်းက မဟာဗျူဟာအရရော၊ နည်းဗျူဟာအရရော အများကြီးပြင်ဆင်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် များစွာ ကြိုးပမ်းခဲ့ပါတယ်။
ခရီးစဉ်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနဲ့တွေ့ဆုံခဲ့တဲ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ပြည်နယ်နှစ်ခုကို သွားရောက် လည်ပတ်ခွင့်ရခဲ့တယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အရေးပါတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာကာသနည်းပညာနဲ့ပတ်သက်ပြီးလည်း လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်နိုင်ဖို့၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒီကဏ္ဍတွေအားလုံးကို တိုးမြှင့်နိုင်ဖို့လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အကျဉ်းချုပ်ပြောရရင် ဒီခရီးစဉ်က အောင်မြင်တဲ့ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဖြစ်စေ၊ ဘဝတစ်ခုဖြစ်စေ၊ နိုင်ငံတစ်ခုဖြစ်စေ အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်မှုမရှိဘဲ မလုံလောက်ပါဘူး။ ဒီကြိုးစားအားထုတ်မှုတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ခရီးစဉ်မသွားခင်ကတည်းက အသေးစိတ်စီမံပြီး အောင်မြင်အောင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာလာရောက်ကြိုဆိုကြတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်။ မှန်ကန်တဲ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်တည်ဆောက် ခိုင်မာစေရေး ကိစ္စများကို ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေက ဒီခရီးစဉ်က ပိုမိုခိုင်မာစေမယ်လို့ ယုံကြည်ပါတယ်။
ဦးမိုးဟိန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက နိုင်ငံတော်ဝန်ကြီးချုပ်ကို တစ်နာရီနဲ့ မိနစ် ၂၀ ကြာ သီးခြားတွေ့ဆုံပြီး မြန်မာနဲ့ရုရှားအကြား ကမ္ဘာ့ကိစ္စ၊ မြန်မာ့ကိစ္စများကို ပူးပေါင်းဆောင်ရွက်ဖို့ အလေးအနက်စကားများကို နှစ်ဦးတည်း ပြောကြားသွားတယ်။ ကြည့်ရတာ အင်မတန်ဝမ်းသာ တယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတလို ကမ္ဘာ့ခေါင်းဆောင်ကြီးက မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံဝန်ကြီးချုပ်ကိုရော၊ မြန်မာနိုင်ငံကိုရော အသိအမှတ်ပြုတာကိုမြင်ရတဲ့ အခါမှာ ဝမ်းသာတာကို စကားလုံးနဲ့ဖော်ပြလို့ မရပါဘူး။ နိုင်ငံတော်သစ်ကိုတည်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြိုးစားခဲ့တာ အောင်မြင်ခဲ့ပါပြီလို့ ပြောချင်ပါတယ်။
ဦးမောင်မောင်အောင်
(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ပြီးပြန်လာတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်တော်တို့လာရောက်ကြိုဆိုတာ ဖြစ်ပါတယ်။ ခုလိုလာရောက်ကြိုဆိုတာကတော့ နိုင်ငံတော်ဝန်ကြီးချုပ်က (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ရာမှာ အောင်မြင်မှုတွေများစွာကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနဲ့လည်း တစ်နာရီနဲ့ မိနစ်၂၀ ကြာတွေ့ဆုံပြီး ကျွန်တော်တို့တိုင်းပြည်ကို အောင်မြင်မှုတွေ ယူဆောင်လာပေးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေကို အသက်အရွယ်နဲ့မမျှ သွားရောက် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကြိုဆိုဖို့အတွက် ကျွန်တော်နဲ့အတူ တပ်မတော်ကိုချစ်ခင်တဲ့ ညီအစ်ကိုမောင်နှမတွေမှာ ဒီစိတ်မျိုးရှိကြပါတယ်။ ဒါကြောင့် ဒီလိုကြိုဆိုပွဲလေး အောင်မြင်စွာကျင်းပနိုင်အောင် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသက်ရှည်ကျန်းမာပါစေ၊ ရုရှား-မြန်မာချစ်ကြည်ရေး တည်တံ့ခိုင်မြဲပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးလည်း ဖွံ့ဖြိုးတိုးတက်ပြီးတော့ ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်။
မသဇင်ဦး
နိုင်ငံတော်ဝန်ကြီးချုပ်ကို ခုလိုလာရောက်ကြိုဆိုခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေနဲ့ ကျွန်မတို့မြန်မာနိုင်ငံကို အခက်အခဲ အကျပ်အတည်းပေါင်းစုံကြားကနေပြီး လက်ကမ်းကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ဒီနေရာကနေပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကို လည်း ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အောင်မြင်မှုတွေ၊ နိုင်ငံဂုဏ်နဲ့ နိုင်ငံသူနိုင်ငံသား တစ်ယောက်ချင်းစီရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် နိုင်ငံတော် ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်တဲ့အတွက် လူငယ်တွေအနေနဲ့လည်း အခွင့်အလမ်းတွေ အများကြီး တိုးပွားလာပါတယ်။
လူငယ်တွေအားလုံးရဲ့ကိုယ်စား ကျွန်မအနေနဲ့ကျေးဇူးတင်ပါတယ်။ ရုရှား-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ။
ဦးဇော်တူးအောင်
အခု လာရောက်ကြိုဆိုတဲ့အဖွဲ့မှာ ကျွန်တော်အပါအဝင် ပျဉ်းမနားမြို့နယ်က တပ်မတော်ထောက်ခံသူအင်အား ၁၀၀ ကျော်ပါဝင်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့အလယ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အင်အားကို ပြသနိုင်ခဲ့တဲ့အတွက် အခုလိုလာရောက်ပြီး ဂုဏ်ပြုကြိုဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ၊ အရေးယူဒဏ်ခတ်မှုတွေ အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာ အခုမှ မဟုတ်ပါဘူး ဟိုးအရင်နှစ်ပေါင်းများစွာ ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာမျက်နှာစာမှာ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ဘယ်သူတွေဘာပဲပြောနေကြပါစေ မဟာမိတ်နိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့နိုင်ငံနဲ့အတူ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ သမ္မတကြီးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့နိုင်ငံတော်ရဲ့ဝန်ကြီးချုပ်ဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ကျွန်တော်တို့ရင်ထဲက နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အခုလိုမျိုးနိုင်ငံတကာအလယ်မှာ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံ့အကျိုးအတွက် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံအပေါ်ကို ပိတ်ဆို့၊ အရေးယူ၊ ဒဏ်ခတ်မှုတွေလုပ်ပြီး ယုတ်မာနေကြတဲ့ သူတွေရဲ့စကားကို နားယောင်ပြီး အချင်းချင်းသွေးကွဲပြီး သတ်ဖြတ်နေကြတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ကြဖို့နဲ့ နိုင်ငံတော်ရဲ့ ပကတိအခြေအနေမှန်ကို သိရှိနားလည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
မထက်ထက်ဝေ
နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံရဲ့ သမ္မတကြီးနဲ့ အခုလိုမျိုး သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် အခုသွားရောက်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်က မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအတွက် အများကြီး အထောက်အကူပြုတဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် အခုလိုလာရောက် ဂုဏ်ပြုကြိုဆိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာခရီးစဉ်တစ်ခုဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံနဲ့လည်း အရင်ကထက် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေခဲ့တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အနေနဲ့ နိုင်ငံ့အကျိုးကို အခုထက်မက ပိုမိုဆောင်ရွက်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။
မရည်မွန်သက်
ပုဗ္ဗသီရိမြို့နယ်ကနေ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်ဝန်ကြီးချုပ်ကို ချစ်ခင်လို့ အခုလိုလာရောက်ကြိုဆိုတာ ဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံကို သွားရောက်ပြီး သမ္မတကြီးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းတွေကို ကြားသိရပြီး ခရီးစဉ်တစ်လျှောက်လုံး အဆင်ပြေပြေနဲ့ ပြန်လာခဲ့တာကို ဝမ်းသာတဲ့အတွက် အခုလို တကူးတက လာရောက်ကြိုဆိုတာ ဖြစ်ပါတယ်။ လာရောက်ကြိုဆိုတဲ့အဖွဲ့မှာ ကျွန်မတို့ရဲ့ရွာသူရွာသား အယောက် ၃၀ ကျော်ပါပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနဲ့ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့မှုတွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ များစွာဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို သွားရောက်ခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့ နိုင်ငံအတွက် များစွာအကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ တိုးတက်ပြောင်းလဲမှုတွေလည်း ရှိလာမယ်လို့ ယုံကြည်ပါတယ်။
အဲဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ကို အခုလိုသောင်းသောင်းဖြဖြ လာရောက်ကြိုဆိုကြတာဖြစ်ပါတယ်။
ကိုသန်းထိုက်
ကျွန်တော်ကတော့ ဇေယျာသီရိမြို့နယ်ရေဆင်းအုပ်စုကဖြစ်ပါတယ်။ ကျွန်တော်တို့ လာရောက်ကြိုဆိုတာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်
ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးအပါအဝင် ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန် ဝမ်းသာပီတိဖြစ်ရပါတယ်။ ။
ဇော်မျိုး(နေပြည်တော်)