ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃)

ဧရာဝတီမြစ်အတိုင်း  မြောက်ဘက်သို့ ဆန်တက်သွားကြသော သင်္ဘောအချို့သည် ဂျပန်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားကြောင်း သိရပါသည်။

ဧရာဝတီမြစ်အတွင်း ရေချိုးရသော ကျွန်တော်တို့သည် မျောပါလာသော အလောင်း အမြောက်အမြားကို တွေ့ရပါသည်။ စစ်ကိုင်းမြို့ တစ်ဖက်ကမ်း ရွှေကြက်ယက်ဘုရား အနီးတွင်ပင် သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပါသည်။

မြောက်ဘက်သို့ ခုတ်မောင်းသွားသော မီးရထားအချို့ တိမ်းမှောက်သဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ အရပ်သားများ အဖိုးတန်ပစ္စည်းများ ရကြသည်ဟုလည်း ကြားသိရပါသည်။

စစ်ကိုင်းတံတားကြီးကို ချိုးပြီးနောက် စစ်ကိုင်းတောင်ရိုးတွင် ချန်ကေရှိတ်၏ တရုတ်တပ်များကို နောက်ချန်တပ်များ အဖြစ်ထားခဲ့ပါသည်။ ချန်ကေရှိတ်တပ်များသည် စစ်ကိုင်းတောင်ရိုးပေါ်တွင် နေရာယူထားကြပြီး ချောင်(ဘုန်းကြီးကျောင်း)များ၊ ဝါးချက်ရွာနှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်လုယက် စားသောက်လျက်ရှိကြသည်။

ကျွန်တော်သည် တရုတ်တပ်များ၏ ရိုင်းစိုင်းကြမ်းတမ်းမှု၊ ပြည်သူလူထုအပေါ် ရက်စက် အနိုင်ကျင့်မှုများကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါသည်။ တရုတ်တပ်များသည် လက်နက်ကိုင်ဆောင်ထား၍သာ မတတ်သာ၍ သည်းခံနေရပါသည်။ တရုတ်တပ်များသည် ပတ္တမြားစေတီတောင်ထိပ်ပေါ်မှ စက်သေနတ်များဖြင့် ဝါးချက်ရွာအတွင်းသို့ လည်းကောင်း၊ ဧရာဝတီမြစ်အတွင်းသို့ လည်းကောင်း ပစ်ခတ်လျက်ရှိကြပါသည်။

ရွာအတွင်းသို့  နှစ်ယောက်တစ်တွဲ၊ သုံးဦးတစ်ဖွဲ့ စသည်ဖြင့် ဆင်းလာကြပြီး အစားအသောက်များကို ဓားပြတိုက် လုယက်လေ့ရှိပါသည်။ ရွာအတွင်း ဆင်းလာသူများကို တုတ်၊ ဓား၊ လှံများဖြင့်ဝိုင်း၍ တိုက်ခိုက်ရန် စီစဉ်ထားကြပါသည်။    သို့သော် ထိုအစီအစဉ် မအောင်မြင်၊ မဖြစ်မြောက်ခဲ့ပါ။ ယင်းအချိန်မှစ၍ ကျွန်တော်သည် ချန်ကေရှိတ် တရုတ်တပ်များကို မုန်းတီးစိတ်၊ ကလဲ့စားချေလိုစိတ်များ ကိန်းအောင်းနေခဲ့ပါသည်။

ကျွန်တော်သည် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)၏ သတင်းကို နားစွင့်လျက်ရှိပါသည်။ ဘီအိုင်အေတပ်များ မန္တလေးသို့ရောက်သည့် သတင်းကို ကြားရသောအခါ မန္တလေးသို့ သွားရန် မိဘများကို ခွင့်ပန်သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပါ။

မန္တလေးသို့ရောက်ရှိလာသော ဘီအိုင်အေတပ်များကို ဗိုလ်လင်းယုန် ဦးစီးပါသည်။

ပထမတွင် ဂေါဝိန်ဆိပ်၊ ဦးကလျာဏကျောင်းတွင် လည်းကောင်း၊ စကြာသီဟ ဘုရားအတွင်း၌ လည်းကောင်း စခန်းချလျက်ရှိကြသည်။ ဘီအိုင်အေတပ်များကို စစ်ကြိုခေတ် အင်္ဂလိပ်တို့ ဖွဲ့စည်းခဲ့သော ဘီအမ်ပီ(BMP) တပ်မှ ကျန်ရစ်ခဲ့သော တပ်ကြပ်တစ်ယောက်က အခြေခံစစ်ရေးပြ လေ့ကျင့်ခန်း (DRILL) များကို လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ နောက်ပိုင်းတွင် ဘီအိုင်အေတပ်များ  မန္တလေးမှ တောင်မြို့(အမရပူရမြို့)ဈေးနှင့် မျက်နှာချင်းဆိုင်နေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

စစ်ကိုင်းမှ လူငယ်များဖြစ်ကြသော ကိုသိန်းတုတ်(ဗိုလ်မှူးကြီး၊ သံအမတ်ကြီး-အငြိမ်းစား)၊ ကိုအောင်ကြည် (ဗိုလ်မှူးကြီးစောမြင့်-အငြိမ်းစား)၊ ကိုလှမော်(ဗကပ-ကျဆုံး)နှင့် လူငယ်အများအပြား ဝင်ရောက်ကြပါသည်။

ဘီအိုင်အေဌာနချုပ်ကို စစ်ကိုင်းတောင်ရိုးရှိ ဗျာဒိတ်ပေးချောင်တွင် ဖွင့်လှစ်ထားပါသည်။ စစ်ကိုင်းတွင် ဘီအိုင်အေသို့ ဝင်ရောက်သူများကို   စစ်ကြိုခေတ် အင်္ဂလိပ်တပ် (BMP) မှ ဆာဂျင်ကိုစံရင်နှင့် ကိုဘအုန်းတို့က အင်္ဂလိပ် စစ်အခြေခံသင်တန်းနှင့် စစ်ရေးပြ (DRILL) များကို လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ နောက်ပိုင်းတွင် စစ်ကိုင်းမ ှရွေးချယ်စေလွှတ်သူများကို အမရပူရ(တောင်မြို့)တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်က ဂျပန်စစ်သင်တန်းများကို ဂျပန်စစ်မိန့်ပေးခြင်းဖြင့် သင်ကြားလေ့ကျင့် ပေးခဲ့ပါသည်။

ထိုအချိန်က ဓားပြမှု၊ ခိုးမှု၊ မုဒိမ်းမှု စသော အကျင့်ပျက် ကျူးလွန်သူများကို ရာဇဝတ်မှုဖြင့် ရုံးတင်စစ်ဆေးခြင်းမပြုဘဲ ဘီအိုင်အေတပ်က လူထုရှေ့မှောက်တွင် လှံစွပ်ဖြင့်ထိုး   အဆုံးစီရင်လေ့ရှိသော အချိန်ဖြစ်ပါသည်။ တစ်ရက်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု ကျူးလွန်သော ရွှေသွားလှမောင်ဆိုသူ လူဆိုးလူမိုက်ကို လူထုရှေ့မှောက်တွင် လှံစွပ်နှင့်ထိုးသတ်မည် ဖြစ်ကြောင်း စစ်ကိုင်းမြို့တွင် ကြေညာထားပါသည်။ ရွှေသွားလှမောင်ကို စစ်ကိုင်းတောင်ရိုး၊ သရက်ပင်ဆိပ်တွင် လှံစွပ်ထိုးပွဲပြုလုပ်ရန် တောင်မြို့(အမရပူရ)မှ စစ်ကိုင်းဘက်သို့ငှက်(သမ္ဗန်)ဖြင့် ခေါ်ဆောင်လာခဲ့သည်။  ရွှေသွားလှမောင်သည် ဧရာဝတီမြစ်လယ်သို့ အရောက်တွင်  ငှက်ပေါ်မှ ရုတ်တရက် ခုန်ဆင်းပြီး  ဧရာဝတီမြစ်အတွင်း ပျောက်ကွယ်သွားပါသည်။

ဘီအိုင်အေတပ်များသည် လူသတ်မှု၊ ဓားပြမှု၊ ခိုးမှုနှင့်မုဒိမ်းမှု စသည့် ရာဇဝတ်မှု ကျူးလွန်သူများကို မန္တလေးနှင့် အခြားနေရာများတွင် လူထုရှေ့မှောက်၌ လှံစွပ်နှင့် ထိုးပြခဲ့သော်လည်း စစ်ကိုင်းဘက်တွင် မပြရသေးပါ။ လှံစွပ်ထိုးပွဲပြုလုပ်ရန် ကြေညာပြီးဖြစ်၍ အစီအစဉ်ဖြစ်မြောက်အောင် အစားထိုး တာဝန်ယူ၍ အစီအစဉ်တစ်ခု စီစဉ်ကြရပါသည်။ ရွှေသွားလှမောင်အစား တောင်မြို့အချုပ်ခန်းတွင် ဓားပြမှုနှင့် ချုပ်ထားသည့် ကိုမျိုးညွန့်ဆိုသူကို အချုပ်ခန်းမှထုတ်ကာ စစ်ကိုင်းဘက်သို့ ခေါ်ဆောင်လာခဲ့ပါသည်။

  ဆက်လက်ဖော်ပြပါမည်။