ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၄)
ကိုမျိုးညွန့်သည် ဓားပြမှုကျူးလွန်ခဲ့သည်ဟု သိရပါသည်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ ရန်ပုံငွေအတွက် ဓားပြတိုက် ခဲ့သည်ဟုလည်း တီးတိုးပြောသံများကြားရပါသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ကျူးလွန်သည် ဖြစ်စေ ကိုမျိုးညွန့်ဓားပြတိုက်သည်မှာ ထင်ရှားနေပါသည်။
သို့ဖြစ်၍ တောင်မြို့အချုပ်ခန်းတွင် တစ်ယောက်တည်းသာကျန်တော့သည့် ကိုမျိုးညွန့်ကို နမူနာပြအဖြစ် စစ်ကိုင်းတောင်ရိုး သရက်ပင်ဆိပ် သဲသောင်ပြင်ပေါ်တွင် လှံစွပ်ထိုးသတ်ပွဲကို ပြည်သူလူထုအား ပြသကြပါတော့သည်။သဲသောင်ပြင်တွင် ဝါးလုံးတိုင်ကလေးတစ်တိုင်စိုက်လိုက်သည်။
သဲထဲတွင်ဖြစ်၍ ဝါးလုံးတိုင်က မခိုင်။ ယိုင်နေသည်။ ကိုမျိုးညွန့်ကို ဝါးလုံးတိုင်တွင် လက်နောက် ပြန်ချည်လိုက်သည်။ လာရောက်ကြည့်ရှုသူများမှာ သရက်ပင်ဆိပ်ကမ်းညွှတ်မတတ်ဖြစ်အောင် များပြားပါသည်။
ဗိုလ်လင်းယုန်က ကိုမျိုးညွန့်ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် ပြည်သူလူထုအေးချမ်းသာယာစွာ နေထိုင်နိုင်ကြရန် သူခိုး၊ ဓားပြ၊ မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူများကို ယခုကဲ့သို့ စီရင်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ရဲဘော်ကိုးယောက် ထိုးပြီးသော်လည်းကိုမျိုးညွန့်အသက်မသေသေးပါ။ နောက်တစ်ချီ ရဲဘော်ကိုးယောက်က လှံစွပ်ဖြင့် ထိုးကြပြန်သည်။ ကိုမျိုးညွန့်ကစကားတိုးတိုးပြောနေသည်။ ဗိုလ်လင်းယုန်က ကိုမျိုးညွန့်အနားသို့ကပ်၍ နားထောင်ကြည့်ရာ ရေထဲဆွဲချပေးပါဟု တောင်းပန်ပြောဆိုနေကြောင်း သိရပါသည်။
ဗိုလ်လင်းယုန်က အမိန့်ပေးလိုက်၍ ကိုမျိုးညွန့်အား ငှက်နောက်မှဆွဲကာ ရေထဲသို့ မျှောလိုက်သောအခါ ချက်ချင်းမြုပ်မသွားဘဲ မြုပ်ချည်ပေါ်ချည်ရေကူးနေသလို ဖြစ်နေသဖြင့် ဗိုလ်လင်းယုန်ကိုယ်တိုင် ငှက်ဖြင့်လိုက်သွားကာ ခြောက်လုံးပြူးနှင့် ပစ်ရသေးသည်။ တိုင်းပြည်ကောင်းရန်အတွက် မကောင်းသူများ စတေးခံရခြင်းဟု ဆိုရမည်ထင်ပါသည်။
အင်္ဂလိပ်တပ်များ အပြေး၊ ဂျပန်တပ်များနှင့်အတူ ဘီအိုင်အေတပ်များဝင်လာချိန်တွင် တိုင်းပြည်အခြေအနေ မတည်ငြိမ်ဆုံးကာလဖြစ်ပါသည်။ အုပ်ချုပ်ရေးယန္တရားများမရှိ၊ မင်းမဲ့တိုင်းပြည်ဖြစ်နေချိန်ကို အခွင့်ကောင်းယူ ၍ ရာဇဝတ်မှုများအမျိုးမျိုး ကျူးလွန်ခဲ့ကြပါသည်။ လူသတ်သည်။ ဓားပြတိုက်သည်။ ပစ္စည်းယူ လူသတ်သည်။ မုဒိမ်းမှုများလည်း ပေါများလာသည်။ သူခိုးထူသည်။ ပြည်သူလူထုတစ်ရပ်လုံး ကျီးလန့်စာစားနေကြရသည်။ ငြိမ်ဝပ်ပိပြားမှုမရှိ၊ အေးချမ်းသာယာမှု နတ္ထိ။ ဘီအိုင်အေတပ်များသည် ရပ်ရွာအေးချမ်းသာယာ၊ ငြိမ်ဝပ်ပိပြားရေးနှင့် မှုခင်းပပျောက်ရေးကို ဦးတည်ချက်ထားကာ ခပ်ကြမ်းကြမ်းအုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အခိုက်အတန့်အားဖြင့် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါသည်။
သို့ရာတွင် အသိတရားဖြင့် လိုက်နာခြင်းမဟုတ်မူဘဲ အကြောက်တရားဖြင့်သာ လိုက်နာရခြင်းသည် ထာဝစဉ်မတည်မြဲနိုင်ပါ။ ဘီအိုင်အေတပ်များသည် စစ်အုပ်ချုပ်ရေးအသွင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် တရားဥပဒေအရကျင့်သုံးမှုတွင် အားနည်းခဲ့သဖြင့် လူမှုရေး၊ လူ့ အခွင့်အရေးနယ်လွန်မှုများရှိခဲ့ပါသည်။ ဤသည်ကို မငြင်းနိုင်ပါ။ ဂျပန်တပ်များသည်လည်း တရားဥပဒေမရှိ၊ ဖက်ဆစ်ပီပီအုပ်ချုပ်ခဲ့ရာ တိုင်းပြည်နာခဲ့ရပါသည်။
လူ့အခွင့်အရေးများဆုံးရှုံးခဲ့ရပြီး လုံခြုံမှုလည်း ကင်းမဲ့ခဲ့ပါသည်။ တစ်ခုပါပဲ။ သူတို့ကိုကြောက်၍ အမှုအခင်းများ နည်းလာသည့် ရလဒ်တော့ရှိသည်ဟု ပြောနိုင်ပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ငါးပါးသီလကို စောင့်ထိန်းသူများဖြစ်ကြပါသည်။ ကျွန်တော်တို့သည် ငယ်ရွယ်စဉ်ကလေးဘဝကတည်းက မိဘ၊ ဆရာသမားများနှင့် ဆရာတော်ဘုန်းကြီးများ၏ သွန်သင်ဆုံးမမှုကို ကျိုးနွံစွာခံယူလိုက်နာခဲ့ကြပါသည်။ ငါးပါးသီလတွင် ထိပ်ဆုံးကဆိုရမည့် ပါဏာတိပါတ သီလ
သည် သူတစ်ပါး၏ အသက်ကို မသတ်ရန်စောင့်ထိန်းရသည့်သီလ ဖြစ်ပါသည်။ သူတစ်ပါး၏ အသက်ကိုသတ်လျှင် ငရဲကြီးတတ်သည်ဟု ငယ်စဉ်ကတည်းက စိတ်ထဲတွင် စွဲစွဲမြဲမြဲမှတ်သားထားခဲ့ကြပါသည်။
သို့ပါသော်လည်း တိုင်းပြည်အတွက် အရေးကြုံလာသောအခါ ကျွန်တော်တို့ ငရဲကိုမကြောက်တော့ပါ။ နယ်ချဲ့ကို တိုက်ချင်သည်။ လွတ်လပ်ရေးရချင်သည်။
ကိုယ့်တိုင်းပြည် သူတစ်ပါးလက်အောက်မှလွတ်မြောက်အောင် ကြိုးပမ်းချင်ကြသည်။ သို့ဖြစ်၍ အမျိုးကိုချစ်သော လူငယ်ကလေးများသည် မည်သူကမှ မတိုက်တွန်းရဘဲ ငရဲအိုးဇောက်ထိုးပဲကျကျ တိုင်းပြည်ချစ်စိတ်ဖြင့် စစ်ထဲသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် ဝင်ရောက်ကြသူများဖြင့် စတင်ဖွဲ့စည်းခဲ့သော တပ်မတော်ဖြစ်၍ သမိုင်းကြောင်းကောင်းသည်။ အခြေအမြစ် ခိုင်မာသည်။ ယနေ့အထိ စည်းလုံးသည့်၊ ညီညွတ်သည့်၊ ခိုင်မာသည့်တပ်မတော်အဖြစ် ရပ်တည်လျက်ရှိနေခြင်း ဖြစ်ပါသည်။
ဂျပန်တပ်များသည် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို အပေါ်စီးမှ ဆက်ဆံလာပါသည်။ ဘီအိုင်အေသည် ဂျပန်တပ်များ လေးစားအထင်ကြီးလာစေရန် အင်္ဂလိပ်တပ်များကို တိုက်ရာတွင် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သည်။ ရပ်ရွာအေးချမ်းရေးနှင့် မှုခင်းပပျောက်ရေးတွင်လည်း လူဆိုးလူမိုက်များကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား နှိပ်ကွပ်ခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။