ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၅)
ဘီအိုင်အေတပ်များကို အမရပူရမှ မန္တလေးသို့ ရွှေ့ပြောင်းခဲ့သည်။ ဌာနချုပ်ကို ဂူဂျာရတီကျောင်းတွင် ဖွင့်လှစ်ထားသည်။
တပ်များသည် ဆပ်ကျောင်း(ယခုရဲသိပ္ပံ)နှင့် မန္တလေးတောင်ခြေတွင် စခန်းချခဲ့ကြသည်။
၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ဖွဲ့စည်းရန် ဖြစ်ပေါ်လာခဲ့ပါသည်။ မန္တလေးရှိ ဘီအိုင်အေကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆပ်ကျောင်းတွင် တပ်များကို တန်းစီပြီး အရာရှိများက ပြောကြားပါသည်။ လက်နက်များအပ်ကြရသည်။
ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းရာတွင် ကျန်းမာရေးမကောင်းသူများနှင့် ငယ်ရွယ်သူများကို ကျောင်းပညာဆက်လက် သင်ကြားကြရန်နှင့် ဘီဒီအေဖွဲ့စည်းလျှင် ပြန်လည်ဝင်ရောက်ကြရန် မှာကြားလိုက်ပါသည်။ ကျန်ရှိသူများကို ပျဉ်းမနားသို့ ပို့လိုက်ပါသည်။ ပျဉ်းမနားဗိုလ်ကိတ်ခြံတွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)တပ်ရင်း(၁)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ တပ်ရင်းမှူးမှာ ရဲဘော်သုံးကျိပ်
ဝင် ဗိုလ်မှူးနေဝင်း(ဗိုလ်ချုပ်ကြီးနေဝင်း)ဖြစ်ပါသည်။
ဗမာ့ကာကွယ်ရေးတပ်မတော်အတွက်တပ်သားသစ်များ အလိုရှိကြောင်း သိရလျှင်သိရချင်း ကျွန်တော်တို့ ရှေ့ဆုံးမှပြေး၍ စာရင်းသွင်းလိုက်ကြပါသည်။
အမျိုးချစ်သူတို့ တပ်မတော်သို့ ဝင်ကြမည်နန္ဒိသေနပျို့
မြိုင်ဝေတောကြီး၊ ဤခရီးဝယ် ၊
ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊
ဆက်လက်တညီ၊ တစ်စီတလျဉ်၊
သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊
တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊
နှင်းဆက်တိုက်မည်၊ အားသံရည်၍၊
ဦးလည်မသုန်၊ ထမ်းပါကုန်လော့။ ။
လက်ဝဲသုန္ဒရ
ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)တွင် ဖြစ်ဖြစ်မြောက်မြောက်အမှု မထမ်းခဲ့ရသော ကျွန်တော်သည် တပ်မတော်သို့ဝင်ရောက်ရန် အခွင့်အရေးများရှိလာပါပြီ။
အချိန်မှာ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလတွင်းကဖြစ်ပါသည်။ စစ်ကိုင်းမြို့ တကောင်းရပ်ရှိ ကျွန်တော်တို့နေအိမ်မှာ
ဗုံးဒဏ်ကြောင့် တစ်ရပ်ကွက်လုံးမီးလောင်သည့်အထဲတွင် ပါသွားသဖြင့် မိသားစု စစ်ကိုင်းတောင်ရိုးရှိ အေးမြို့ချောင်တွင် ခိုလှုံနေရသောအချိန်ဖြစ်ပါသည်။ ကျွန်တော်သည် စစ်ကိုင်းမြို့တွင် ဖွင့်လှစ်ထားသော အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပညာကို တက်ရောက်သင်ကြားလျက်ရှိပါသည်။ ကျောင်းတွင် ဂျပန်စာကိုလည်း သင်ကြားရပါသည်။
တောင်ရိုးမှ စစ်ကိုင်းမြို့သို့ နေ့စဉ်ခြေကျင်သွားရောက်ကျောင်းတက်လျက်ရှိရာ တစ်နေ့တွင် ဗမာ့ကာကွယ်ရေး
တပ်မတော်အတွက် တပ်သားသစ်များအလိုရှိကြောင်း၊ ဝင်ရောက်လိုသူများလျှောက်ထားနိုင်ကြောင်း ကြော်ငြာများ စစ်ကိုင်းမြို့နေရာအနှံ့တွင် တွေ့ရှိရပါသည်။ ကျွန်တော်ချက်ချင်းပင် အာရှလူငယ်အစည်းအရုံးသို့ သွားရောက်လျှောက်လွှာတင်လိုက်ပါသည်။ တပ်သားသစ်များလက်ခံကြောင်းသိရသည့်နေ့တွင် ချက်ချင်း လျှောက်လွှာတင်လိုက်ခြင်း ဖြစ်ရာ အမေ့ကိုပင် ခွင့်မတောင်းမိပါ။ အမေ့ထံခွင့်တောင်းလျှင်လည်း ခွင့်ပြုမည်မဟုတ်ပါ။ သူငယ်ချင်းမိတ်ဆွေများကိုလည်း မတိုင်ပင်ခဲ့ပါ။ တိုင်ပင်လျှင် ကျွန်တော့်အကြံအစည် ပျက်မည်စိုးသောကြောင့်ဖြစ်ပါသည်။ လျှောက်လွှာကိုလက်ခံသောအာရှလူငယ်အစည်းအရုံးမှ ကိုသန်းမောင် (ဗိုလ်မှူး-ကွယ်လွန်)က မင်းအဖေ၊ အမေနဲ့ ကိုလေး(ကျွန်တော့်အစ်ကို) တို့ကိုပြောပြီးပြီလား ဟုမေးရာ ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။ ကျွန်တော်ဗမာ့ကာကွယ်ရေးတပ်မတော်သို့ လျှောက်လွှာတင်သောနေ့မှာ ၆-၂-၁၉၄၃ ရက်ဖြစ်ပါသည်။
ယခုတစ်ကြိမ်လျှောက်လွှာတင်ရာတွင် ကျွန်တော့်မွေးသက္ကရာဇ်ကို အမှန်အတိုင်းရေးလျှင် အသက် ၁၇ နှစ်ပင် မပြည့်သေး၍ အပယ်ခံရမည်စိုးသဖြင့် မွေးသက္ကရာဇ်ကို ၁၉၂၆ ခုနှစ်အစား ၁၉၂၄ ခုနှစ်ဟု နှစ်နှစ်တိုးကာ ဖြည့်သွင်းလိုက်ပါသည်။
၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်သားစုဆောင်းရေး ဟောပြောပွဲကို စစ်ကိုင်းမြို့ ဘုရင့်ရုပ်ရှင်တွင် ကျင်းပရာ လာရောက်နားထောင်သူများ ရုပ်ရှင်ရုံပြည့်လျှံသွားသည့်အပြင် ရုံအပြင်မှ နားထောင်ကြရသူ အများအပြားရှိကြသည်။ ကျွန်တော်သည် စောစောသွားရောက်ပြီး ရှေ့ဆုံးမှ နေရာယူနားထောင်ခဲ့သည်။ ဟောပြောသူများမှာ ဗိုလ်ကြီးခင်မောင်ကလေးနှင့် ဗိုလ်မြဝင်းတို့ဖြစ်ကြပါသည်။
ဗိုလ်ကြီးခင်မောင်ကလေးသည် စစ်ကြိုခေတ် မန္တလေးအမျိုးသားအထက်တန်းကျောင်းမှ ကျောင်းဆရာ နိုင်ငံရေးသမား ဖြစ်ပါသည်။ နောင်တွင်ဖဆပလ အစိုးရလက်ထက်တွင် ဗိုလ်ခင်မောင်ကလေးအမည်ဖြင့် ဝန်ကြီးဖြစ်ခဲ့သည်။ စစ်ကြိုခေတ်တွင် နိုင်ငံတော်လွတ်လပ်ရေးအတွက် နိုင်ငံရေးကို မြေပေါ်မြေအောက် တက်ကြွစွာ လုပ်ကိုင်ခဲ့သည်။ ပါတီနိုင်ငံရေးမဟုတ်ပါ။ အမျိုးသားရေး၊ နိုင်ငံတော်အရေး နိုင်ငံရေးဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမအားလုံး မျိုးချစ်စိတ်ပြင်းထန်စွာရှိကြ၍ နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားကြသည်။ အရွယ်မရောက်သေးသော ညီငယ်၊နှမငယ်များပင် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမည်။