ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၆)

ဗိုလ်ခင်မောင်ကလေး၏ ရဲရဲတောက်ဟောပြောပုံကို တော်လှန်ရေးစိတ်ဓာတ်ပြင်းပြသော   စစ်ကိုင်းမြို့ ပရိသတ်က ကြိုက်နှစ်သက်ကြသည်။  သြဘာပေးကြသည်။ ဗိုလ်ခင်မောင်ကလေးသည် စစ်သားစုဆောင်းရေးအတွက် ဟောပြောခြင်းဖြစ်သော်လည်း ဆွယ်တရားဟောပုံမျိုးဖြင့် မဟောပါ။ တပ်ထဲဝင်လျှင် မည်သည့်အခွင့်အရေးရမည်၊ လခမည်မျှရမည်၊ ကြိုးစားလျှင်ရာထူးများရနိုင်သည် အစရှိသော မက်လုံးများ လုံးဝမပါပါ။ တိုင်းပြည်ချစ်ရင်တပ်ထဲဝင်ပါ။ တပ်ထဲတွင် အပင်ပန်းခံရမည်။ ဆင်းရဲမည်။ လခမရ၊ ကြေးစားတပ်မဟုတ်၊ ထောက်ပံ့ကြေး မုန့်ဖိုးလောက်သာရမည်။ ငတ်မည်။ စစ်တိုက်ရမည်။ တိုင်းပြည်အတွက်အသေခံရမည်။

ဒါတွေကို မခံနိုင်လျှင် မဝင်နှင့်၊ တပ်ထဲမှာ ညာလို့မရဘူး။ တိုင်းပြည်အတွက် အနစ်နာခံနိုင်မှသာ ဝင်ကြဟု ပြတ်ပြတ်သားသားပြောခဲ့သည်။ ဗိုလ်ခင်မောင်ကလေးဟောပြောပုံ ဒေါမာန်ပါလွန်းလှသည်။ ကိုယ်ကျိုးကိုမကြည့်၊ တိုင်းပြည်အတွက်သာလုပ်လိုကြသော အမျိုးချစ်သူများ ယခုပင်ထ၍ တိုက်လိုသော စိတ်များဖြင့် တက်ကြွလာကြသည်။

အင်္ဂလိပ်အစိုးရလက်ထက်တွင် မျက်နှာရလို   မျက်နှာလုပ်ပြီး  မြေအောက်တော်လှန်ရေးရဲဘော်များကို ဖော်ထုတ်ခဲ့သူများ၊ ဂျပန်တွေတက်လာတော့လည်း ကပ်ရပ်ပေါင်းသင်းကာ အခွင့်အရေးယူနေကြသူများ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသောရဲဘော်များ၏ အရိုးပုံပေါ်တက်နင်းပြီး  နေရာယူကိုယ်ကျိုးရှာ အချောင်သမားများကြပ်ကြပ်သတိထားကြဟုလည်း ခပ်ကြမ်းကြမ်းပြတ်သားသော စကားလုံးများဖြင့် သတိပေးလိုက်ပါသေးသည်။

ဗိုလ်ခင်မောင်ကလေးဟောပြောသည်ကိုနားထောင်ရင်း   ကျွန်တော်သည် တိုင်းပြည်အခြေအနေ အရေးကြီး နေချိန်တွင် အချောင်သမားအဖြစ် ရေသာခိုမနေဘဲ   တပ်မတော်သို့ ဝင်ခဲ့သည်ကို ဂုဏ်ယူ ဝမ်းမြောက်နေမိပါသည်။

ကျွန်တော်   တပ်မှခေါ်သည့်ရက်ကို စောင့်ဆိုင်းနေစဉ် တစ်နေ့ တပ်သားသစ်များ ဆေးစစ်ခံရန်ဆင့်ဆိုသောစာ အိမ်သို့ရောက်လာရာ ကျွန်တော်တပ်ထဲဝင်ရန်လျှောက်လွှာတင်ခဲ့သည်ကို အမေသိသွားပါသည်။

အသောင်းရယ်...စစ်ထဲမဝင်ပါနဲ့၊ မင်းကဆယ်တန်းတောင်ရောက်သေးတာမဟုတ်ဘူး၊   ဆယ်တန်းအောင်အောင်

ကျောင်းဆက်နေပါဦး၊ အမေ့ကလေးတွေထဲမှာ ကောလိပ်ကျောင်းရောက်တဲ့ သူမရှိသေးဘူး။ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ် ဖြစ်အောင်မင်းကြိုက်တဲ့လိုင်းကိုလိုက်စေချင်တယ်၊ စစ်ထဲဝင်ဖို့ မင်းငယ်ပါသေးတယ်ကွယ်၊ မင်းကိုအမေက   နို့နံ့တောင်မစင်သေးဘူးလို့ ထင်နေတုန်းပါကွယ်

အမေက    ဤသို့ပြောသောအခါကျွန်တော်   အမေ့မျက်နှာကိုကြည့်ပြီး မျက်ရည်ဝဲမိသည်။ ကျွန်တော့်ဆုံးဖြတ်ချက် မပြင်နိုင်သဖြင့် အမေ့ကိုသနားမိပါသည်။

အမေရယ်...အမေ့ကို ကျွန်တော့်လုပ်အားနဲ့ ကျေးဇူးမဆပ်နိုင်ပေမယ့် စစ်ထဲဝင်ရင် အမေ့ကို ကျေးဇူးဆပ်တာနဲ့အတူတူပါပဲ၊ ခုလို တိုင်းပြည်အတွက်လုပ်ဖို့အခွင့်သာနေတဲ့အချိန်မှာ ကျွန်တော့်ကို လုပ်ခွင့်ပေးပါ၊ စစ်သားတစ်ယောက်မွေးပေးတဲ့အမေလည်း ဂုဏ်ရှိပါတယ်၊ ကျွန်တော့်အတွက်   တစ်နေ့မှာ အမေစိတ်ချမ်းသာရမှာပါ

ကျွန်တော်က ဒီလိုပြောတော့ အမေက ငိုင်နေသည်။  အမေသည်  တိုင်းပြည်အတွက် သားတစ်ယောက်ပေးလှူလိုက်ရမည်ကို နှမြောနေပုံရသည်။ လုပ်မည်ဆိုလျှင် တုံးတိုက်တိုက်၊ ကမ်းတိုက်တိုက်ဇွတ်လုပ်တတ်သော ကျွန်တော့်စိတ်ကို အမေသိသည်။ ကျွန်တော့်ကို ဘယ်လိုမှ တရားချ၍ရမည် မဟုတ်ကြောင်း အမေကသိလေသည်။ သို့ဖြစ်၍ ကျွန်တော့်ကို တားဆီးရန်နည်းလမ်းတစ်ခုကို အမေက စီစဉ်လိုက်ပါသည်။

ကျွန်တော်တို့ငယ်စဉ်က အညာက အိမ်ထောင်စုများတွင် ကလေးများအသေကြောက်ရသူတစ်ဦးကို မွေးထားလေ့ရှိကြသည်။ ကလေးများ ပြောမရ၊ ဆုံးမ၍မရသောအခါ ထိုကြောက်ရသူကို နှိမ်နင်းခိုင်းလေ့ရှိသည်။  ကျွန်တော်တို့မိသားစုတွင် အမေ၏မောင်ဖြစ်သူ ဦးသန်းမောင်ဆိုသူအား  ကျွန်တော်တို့ သိပ်ကြောက်ရပါသည်။ မရိုက်ရ၊ မနှက်ရဘဲနှင့်သူ့အသံကြားသည်နှင့်ပင် ကျွန်တော်တို့မောင်နှမများ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရသည်။

သန်းမောင်လာတယ်ဟေ့ဟု အသံကြားလျှင် ကျွန်တော်တို့ မောင်နှမတစ်တွေ သူနှင့်လွတ်ရာသို့ပုန်းကြရသည်။

အမေသည်  ဦးသန်းမောင်အား ကျွန်တော်တို့နေထိုင်ရာ အေးမြို့ကလေးချောင်သို့ ခေါ်ယူလိုက်ရကြောင်းကို ဆေးစစ်ခံရမည့်နေ့မတိုင်မီ ညနေတွင်သိရပါသည်။ ကျွန်တော် ညစာစောစောစားပြီး ကျောင်းအပေါ်ထပ်သို့ တက်ခဲ့ပါသည်။

ကျွန်တော်ယူဆောင်သွားမည့် အဝတ်အစားများကို လွယ်အိတ်တစ်လုံးနှင့်ထည့်ပြီး အသင့်လုပ်ထား လိုက်ပါသည်။ အဝတ်အစားဆို၍ များများစားစားမဟုတ်ပါ။

လုံချည်တစ်ထည်၊ စပို့ရှပ်တစ်ထည်နှင့် မျက်နှာသုတ်ပဝါကလေးတစ်ခုသာ ဖြစ်ပါသည်။ ဝတ်သွားရန် ဖလန်နယ်ဘောင်းဘီအရှည်တစ်ထည်နှင့်ရှပ်အင်္ကျီတစ်ထည်ကို အသင့်ပြင်ထားပါသည်။

ထိုစဉ်တွင် အောက်ထပ်မှ ဟိုကောင်ဘယ်မှာလဲ၊ ဘာလုပ်နေလဲ ဟု ဦးသန်းမောင်၏အသံ  ခပ်ကျယ်ကျယ်ကြားရပါသည်။

အမေက   အိပ်နေပြီထင်တယ် ဟု ပြောသံကြားရသဖြင့် ကျွန်တော်ပြင်ဆင်ထားသော လွယ်အိတ်ကို ခေါင်းအုံးအောက်သို့ ထိုးထည့်ပြီး  အိပ်ချင်ယောင်ဆောင်နေလိုက်ပါသည်။ ကျွန်တော်အောက်ထပ်သို့ မဆင်းတော့ပါ။    

နံနက် လေးနာရီတွင် ကျွန်တော် အိပ်ရာမှထသည်။ အိပ်ရာမှနိုးလျှင် အပေါ့အပါးသွားတတ်သောအကျင့် ဖြစ်နေသဖြင့် အောက်ထပ်သို့ ဆင်းသောအခါ ဖေဖေ၊ အမေနှင့် ဦးလေးဦးသန်းမောင်တို့ မီးခွက်တစ်ခွက်ထွန်းပြီး စားပွဲတွင် ဝိုင်းထိုင်နေကြသည်ကို တွေ့ရပါသည်။

              ဆက်လက်ဖော်ပြပါမည်။