အောင်မြင်သောဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် စံပြုပုံစံဖြစ်လာတဲ့ SCO

အောင်မြင်သောဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် စံပြုပုံစံဖြစ်လာတဲ့ SCO

ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးညီလာခံကို စက်တင်ဘာ ၁၅ ရက်ကနေ ၁၆ ရက်အထိ ဥဇဘက် ကစ္စတန်နိုင်ငံ ဆမာခန်းမြို့မှာကျင်းပလျက် ရှိပါတယ်။

SCO ထိပ်သီးညီလာခံဟာ အချိန်ကောင်းအခါကောင်းမှာ ကျရောက်လာတဲ့ အတွက်လည်း  နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ ထိပ်သီးညီလာခံတစ်ခု ဖြစ်လာပါတယ်။

ဒီညီလာခံနဲ့ပတ်သက်ပြီး လူအပြောများတာက တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးပြည်ပခရီးစဉ်က အလယ်အာရှဒေသဖြစ်ရတဲ့အကြောင်းရယ်၊  SCO အနေနဲ့ ဘာကြောင့် အောင်မြင်တဲ့ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြုပုံစံဖြစ်လာရတယ် ဆိုတဲ့အကြောင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ အလယ်အာရှဒေသနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များရဲ့ မှတ်ချက်တွေ၊ အမြင်တွေနဲ့  သုံးသပ်ချက်တွေကို ဖော်ပြပေးသွားပါမယ်။

ပထမဆုံးဖော်ပြပေးသွားမယ့်ပညာရှင်ကတော့ အန်တန်ဘူဂါယန်ကိုပါ။ သူက ကာဇက်စတန်နိုင်ငံရှိ   ကမ္ဘာ့စီးပွားရေး နှင့်နိုင်ငံရေးတက္ကသိုလ်မှ   တရုတ်နှင့်အာရှရေးရာလေ့လာရေး အစီအစဉ်အဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။   သူ့ရဲ့အမြင်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံများရဲ့   နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးနယ်ပယ်တို့မှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေစဉ် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ အလယ်အာရှဒေသခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အလယ်အာရှဒေသနဲ့  တရုတ်နိုင်ငံဆိုတာက ပူးတွဲဖွံ့ဖြိုးတိုးတက်မှုကို ငံ့လင့်နေကြသူများ ဖြစ်တဲ့အပြင် လက်ရှိကမ္ဘာ့ နိုင်ငံရေးလှိုင်းတံပိုးခက်ထန်မှုက တစ်ဦး နဲ့တစ်ဦးကို     ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားစေပြန်ပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးပြည်ပခရီးစဉ်က ကာဇက်စတန်နိုင်ငံ ဖြစ်ပါတယ်။ ကာဇက်စတန်နိုင်ငံဆိုတာ ၂၀၁၃ ခုနှစ်တုန်းက တရုတ်နိုင်ငံရဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းစီမံကိန်း (BRI)အတွက် ပထမဆုံး ဖိတ်ခေါ်ခံရတဲ့နိုင်ငံပါ။

ကာဇက်စတန်အစိုးရခေါင်းဆောင်ပိုင်းကလည်း BRI မှာ ပူးပေါင်းပါဝင်ခွင့်ရမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အပြုသဘောရှုမြင်ပါတယ်။   ကာဇက်စတန်နိုင်ငံက   BRI မှာပါဝင်ခြင်းအားဖြင့် သိသာထင်ရှားတဲ့ အမြတ်ဝေစုကို ရရှိထားတာပါ။

အထူးသဖြင့် BRI မှာပါဝင်လိုက်တဲ့အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းမြင့်မားလာပြီး စီးပွားရေးလုပ်ငန်းများစွာ တိုးတက်လာပါတယ်။

ဒါ့အပြင် သံမဏိလိပ်များနဲ့သတ္တုရိုင်းများမှသည်   စိုက်ပျိုးရေးထွက်ကုန်များအထိ ပါဝင်တဲ့ ပို့ကုန်အမျိုးမျိုးကို တရုတ် နိုင်ငံဈေးကွက်သို့   တင်ပို့မှုကလည်း မြင့်တက်လာပါတယ်။

ကာဇက်စတန်တာဝန်ရှိသူများဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ စီးပွားရေးအရ  ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ ပြည်နယ်တွေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။

နောက်ထပ်ပညာရှင် တစ်ယောက်ကတော့ အိုလက်အီဗန်နော့ဖြစ်ပြီး သူက မော်စကိုမြို့ရှိ သံတမန်ရေးရာ အကယ်ဒမီရဲ့ နိုင်ငံတကာနှင့်   အမျိုးသားလုံခြုံရေးဌာနမှ ဒုတိယဌာနမှူးဖြစ်ပါတယ်။   သူ့အနေနဲ့ အောက်ပါအတိုင်းသုံးသပ်ထားတာကို တွေ့ရပါတယ်။

SCO ဟာ တူညီသောအကျိုးစီးပွားများနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အပေါ် အခြေခံတဲ့ ကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်မှုနဲ့ လုံခြုံရေးတို့ကို တွန်းအားပေးမြှင့်တင်ပါတယ်။

ဒါကြောင့် SCO အဖွဲ့ကို နိုင်ငံအများအပြားက ဝင်ရောက်လာလေလေ၊ အဖွဲ့ဝင်နိုင်ငံများအနီးမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ တခြားနိုင်ငံများရဲ့ခြိမ်းခြောက်မှုကို မခံရလေလေ ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာ နိုင်ငံအများအပြားက  SCO အဖွဲ့ထဲကိုဝင်ဖို့ ဆန္ဒရှိလာတာတွေကလည်း SCO အဖွဲ့အနေနဲ့   တစ်နေ့တခြားပိုမိုဆွဲဆောင်လာနိုင်ပြီး   အင်အားကြီးထွားလာတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။

ဒီအဖွဲ့ကြီးမှာပါဝင်တဲ့ မတူကွဲပြားသောနိုင်ငံများက အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု များအတွက် အခြေခံကျတဲ့တူညီမှုများကို ရှာဖွေကြခြင်း ဖြစ်တာကြောင့်လည်း SCO အဖွဲ့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့  မတူကွဲပြားတဲ့စံနမူနာပြယုဂ် ဖြစ်ပါတယ်။

ဒါ့အပြင် SCO ထိပ်သီးညီလာခံဟာ ကမ္ဘာ့အသိုက်အဝန်းကြီးတစ်ခုလုံးက ယုံကြည်အားထားနိုင်ပြီး အနောက်အုပ်စု မဟုတ်ဘဲ ခိုင်မာတဲ့ဒေါက်တိုင်ကြီး ပါဝင်တဲ့ ဗဟုဝင်ရိုးကမ္ဘာကြီးဆီကူးပြောင်းမှုအတွက် ရှင်းလင်းထင်ရှားတဲ့ သက်သေသာဓကတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ထပ်ပညာရှင်တစ်ဦးကတော့ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှကက်မြို့အခြေစိုက် အလွတ်တန်းနိုင်ငံရေးသုတေသီ ရှယ်ရာဒီဘက်တိုက်ဂူလော့ဖြစ်ပြီး သူပြောတဲ့သူ့ရဲ့ အမြင်ကိုတော့ အောက်မှာဆက်လက်ဖော်ပြသွားပါမယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အဖွဲ့အစည်းပေါင်းစုံအပေါ်အခြေခံထားတာဖြစ်ပြီး  SCO ဆိုတာ အောင်မြင်တဲ့ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် စံပြုပုံစံတစ်ခုဖြစ်လာပါပြီ။

SCO အနေနဲ့ မတူညီတဲ့ယဉ်ကျေးမှု၊ မတူညီတဲ့အမျိုးသားရေးစရိုက် လက္ခဏာများ၊ မတူညီတဲ့နိုင်ငံခြားရေး မူဝါဒများ၊ မတူညီတဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စံပြုပုံစံများ   ပိုင်ဆိုင်ထားတဲ့ နိုင်ငံများကို ပေါင်းစည်းစေနိုင်စွမ်း ရှိပါတယ်။

တိုတောင်းလှတဲ့သမိုင်းကြောင်းကာလငယ်လေးတစ်ခုအတွင်းမှာပင်  SCO ကခရီးအရှည်ကြီးကို လျှောက်နှင့်နေပြီး ဖြစ်သလို ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး အခင်းအကျင်းရဲ့  ခွဲခြားမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာခဲ့ပါပြီ။

SCO က အဖွဲ့ဝင်အများစုရဲ့ တစ်ခဲနက်သဘောတူညီချက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်အားလုံးကို ချမှတ်တာပါ။ အဲဒီ နိုင်ငံ  ဒါမှမဟုတ် နိုင်ငံများရဲ့ နယ်ပယ်အကျယ်အဝန်း၊    စီးပွားရေးအင်အား ဘယ်လောက်အထိ ကြီးမားတယ်ဆိုတဲ့ အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။

အဓိကမူတည်တဲ့  အကြောင်းအရာကတော့ လက်တွေ့ကမ္ဘာ့ရေးရာကိစ္စတွေမှာ အပြန်အလှန် အကျိုးကျေးဇူး ရရှိစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မှုပဲ ဖြစ်ပါတယ်။

SCO က    ချစ်ကြည်ရင်းနှီးမှုရှိတဲ့ ချဉ်းကပ်မှုနည်းလမ်းတွေကို ထုတ်ဖော်မိတ်ဆက်ထားပါတယ်။ လူသား စံနှုန်းများ၊ ခိုင်မာတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအခြေခံ၊ နိုင်ငံများကြား ကောင်းမွန်တဲ့ ဆက်ဆံရေး၊ ပြည်သူများကြားကောင်းမွန်တဲ့ဆက်ဆံရေးတို့ဟာ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ ချဉ်းကပ်မှုနည်းလမ်းများရဲ့ စံနမူနာအချို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်  SCO ဟာ အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန် အကျိုးရှိစေတဲ့ စီးပွားရေးတိုးတက်မှုအတွက်   အခွင့်အလမ်း ကောင်းများကို   ဖန်တီးပေးနေတာပါ။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ဘယ်နိုင်ငံကတော့ ဘာကိုလုပ်သင့်တယ် ဆိုတဲ့ ခိုင်းစေမှုတွေလည်း လုံးဝမရှိပါဘူး။

ဥဇဘက်ကစ္စတန်နိုင်ငံမှ   အစိုးရမဟုတ်သော သုတေသန အဖွဲ့အစည်းဖြစ်တဲ့  Knowledge Caravan အဖွဲ့မှညွှန်ကြား ရေးမှူး ဖားကော့တိုလီပေါ့ရဲ့ သုံးသပ်ချက်ကိုလည်း အောက်မှာ ဆက်လက်ဖော်ပြလိုက်ပါတယ်။

SCO အနေနဲ့ ပဋိပက္ခများဖြစ်ပွားမှုကို လျော့ပါးသက်သာစေဖို့အတွက် အရေးကြီးပြီး လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ ဆောင်ရွက်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ဥပမာအားဖြင့်   သူ့ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုနယ်ပယ်အတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပိုမိုခိုင်မာ အားကောင်းစေခြင်း နည်းလမ်းနဲ့ ပဋိပက္ခများ ဖြစ်ပွားမှုကို လျော့ပါးသက်သာစေခြင်း ဖြစ်ပါတယ်။

ထင်ရှားတဲ့ဥပမာအနေနဲ့  SCO အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကို ရွေးချယ် ဖော်ထုတ်ပြပါမယ်။ သူတို့နှစ်နိုင်ငံဟာ ကက်ရှမီးယားအရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေးမှာ ပဋိပက္ခနဲ့ အက်ကြောင်း ထင်နေတဲ့နိုင်ငံများ ဖြစ်ပါတယ်။

တကယ်လို့များ SCO အနေနဲ့ သူတို့ရဲ့ နယ်မြေပိုင်နက်အငြင်းပွားမှု လျော့ပါးသက်သာသွားစေဖို့အတွက် မဟာဗျူဟာနည်းလမ်းကျကျ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလိုက်နိုင်မယ်ဆိုရင် ပဋိပက္ခဖြစ်ပွားလေ့ရှိပြီး အဲဒီပဋိပက္ခများကို ဖြေရှင်းနေရလေ့ရှိတဲ့ တခြားနိုင်ငံများနဲ့ဒေသများအတွက် ခိုင်မာတဲ့သာဓက ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ပြောရမယ်ဆိုရင် SCO ဆိုတာ နိုင်ငံရေး၊  စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုမှသည်   လူသားချင်းစာနာ ထောက်ထားမှုနဲ့ တခြားနယ်ပယ်များအထိ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံလို့ မြောက်မြားလှစွာသော စီမံကိန်းများကို အသက်သွင်းနိုင်တဲ့ အကောင်းဆုံးသော အနေအထားမှာ ရှိပါတယ်။

SCO စတင်ဖွဲ့စည်းစဉ်ကတည်းက ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများကို ဆွဲဆောင် စည်းရုံးတဲ့ ဖိုရမ်တစ်ခုအဖြစ် ကြိုးပမ်းလုပ်ဆောင်ခဲ့တာပါ။

ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကိုယ့်တစ်နိုင်ငံတည်းကွက်ပြီးကြိုးပမ်းလို့မရပါဘူး။ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးရင်ဖန်တီး၊ ဒါမှမဟုတ်ရင် ပတ်ဝန်းကျင်ကောင်းတစ်ခုရှိရာဆီကို ပြောင်းရွှေ့သွားမှသာ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနဲ့ အဲဒီကနေမှတစ်ဆင့် ချမ်းသာကြွယ်ဝမှုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆိုတာ ဒီလိုပတ်ဝန်းကျင်ကောင်းကိုပိုင်ဆိုင်ထားတဲ့၊    အလားတူ ပတ်ဝန်းကျင်ကောင်းကို တိုးချဲ့ဖန်တီးနိုင်စွမ်းရှိတဲ့ အောင်မြင်သောဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုအတွက်  စံပြုပုံစံဖြစ်လာပြီ ဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရပါတယ်။   ။         

Ref: Global Times