ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၇)

ကျွန်တော် နောက်ဖေးရှိ အိမ်သာသို့ခပ်သုတ်သုတ် သွားလိုက်ပါသည်။ အပေါ်ထပ်သို့ ပြန်ရောက်သောအခါ အဝတ်အစားများလဲပြီး ထွက်ပေါက်ကို စဉ်းစားနေပါသည်။ အောက်ထပ်တွင် တံခါးများအားလုံး ပိတ်ထားသည်။နောက်ဖေးအိမ်သာသို့ ထွက်သောတံခါးကို ကျွန်တော်ပြန်မပိတ်ဘဲ စေ့ရုံသာစေ့ထားခဲ့သည်။   ထိုတံခါးတစ်ပေါက်သာ အလွယ်တကူထွက်ပေါက်ရှိသည်။ အကျပ်အတည်းတွေ့လျှင် အပေါ်ထပ်မှခုန်ချရန် ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ထားလိုက်သည်။

ကျွန်တော့်ဘဝ၊ ကျွန်တော့်ခန္ဓာကိုယ်တို့သည် တပ်မတော်တွင်းသို့ရောက်သည်နှင့် ကျွန်တော့်ကိုမွေးခဲ့သော အမေပိုင်ဆိုင်တော့မည်မဟုတ်ပါ။   တိုင်းပြည်နှင့်တပ်မတော်ကသာ ပိုင်ဆိုင်ပေတော့မည်။ ကျွန်တော့် ဖေဖေနှင့် အမေတို့ကို နောက်ထပ်တွေ့ချင်မှ တွေ့ရပေတော့မည်။ ခွဲခွာရခါနီး ဖေဖေနှင့် အမေကို ကျွန်တော် ကန်တော့ချင်သည်။ အောက်ထပ်သို့ဆင်းပြီး ကန်တော့ပါက ကျွန်တော့်ကို အနုနည်းနှင့်ပြောမရလျှင် အကြမ်းနည်းဖြင့် တားဆီးမည့် ဦးလေး ဦးသန်းမောင်ရှိနေသည်။ ကျွန်တော်သည် ဦးလေးဦးသန်းမောင်နှင့် အကြမ်းပတမ်းရင်မဆိုင်လိုပါ။ သို့ဖြစ်၍ဖေဖေနှင့် အမေကို အပေါ်ထပ်သို့ တက်လာကြပါရန် လှမ်းခေါ်လိုက်ပါသည်။

ဖေဖေနဲ့ အမေ အပေါ်ထပ်ကို ခဏလာပါအုံး

အသောင်း ဘာလုပ်မလို့လဲ အမေက မေးသည်။

ခဏလေး လာကြစမ်းပါဗျာ၊ ကျွန်တော်ပြောစရာရှိလို့ပါ ကျွန်တော်က ပြန်ပြောလိုက်သည်။ မောင်မောင်(ဦးလေးဦးသန်းမောင်)လိုက်မလာပါနဲ့ဟု ကျွန်တော် အရဲစွန့်၍ ထပ်ပြောလိုက်သည်။

ဖေဖေနှင့်အမေတို့ အပေါ်ထပ်သို့တက်လာကြသည်။ ဦးလေးဦးသန်းမောင် မကျေမနပ်ပုံမျိုးဖြင့် လှေကားအောက်ခြေမှ ရပ်စောင့်နေပါသည်။ လွယ်အိတ်ကို စလွယ်သိုင်းလွယ်ထားပြီး ထွက်ခွာရန် အဆင်သင့်ပြင်ထားသောကျွန်တော် အမေ့ကို ပြေးဖက်လိုက်ပါသည်။ အမေရှိုက်နေသည်။ ဖေဖေက ဘေးမှရပ်နေပြီး ဆေးပြင်းလိပ်ကို တွင်တွင်ဖွာလျက်ရှိပါသည်။

ကျွန်တော် သွားတော့မယ်၊ ဖေဖေနဲ့အမေကို ကန်တော့ပါတယ်၊ ဖေဖေနဲ့အမေကျွန်တော့်ကို ခွင့်လွှတ်ကြပါ

အမေက အသောင်း မသွားပါနဲ့၊ စစ်ထဲမဝင်ပါနဲ့ ဟု တားနေပြန်ပါသည်။ ကျွန်တော်ဘာမှ ပြန်မပြောဘဲ ဖေဖေနှင့်အမေတို့အား ဦးသုံးကြိမ်ပုဆိန်ပေါက် ခပ်မြန်မြန်ကလေး ကန်တော့လိုက်ပြီး ဗြုန်းခနဲထကာလှေကားမှ ပြေးဆင်းခဲ့သည်။ ဖေဖေနှင့်အမေ ဆုပေးရန်ပင် မေ့နေကြသည်။ ဦးလေး ဦးသန်းမောင်က လှေကားအောက် မှပိတ်ပြီး ရပ်စောင့်နေသည်။ ကျွန်တော် ဦးလေးဦးသန်းမောင်၏ ချိုင်းအောက်မှ အတင်းတိုးထွက်ပြီး ပွင့်နေသောနောက်ဖေး ပေါက်သို့ ဇွတ်ပြေးသည်။ ဦးလေးဦးသန်းမောင်က အနီးရှိတုတ်တစ်ချောင်းကို လှမ်းဆွဲပြီး ကျွန်တော့်နောက်သို့ ပြေးလိုက်လာရာ အမေက ဟဲ့...သန်းမောင် မလုပ်နဲ့၊ ငါ့သားကို မရိုက်ပါနဲ့၊ ငါ့သားကို ငါပြောပါမယ်၊ အသောင်း၊ အမေ့စကားနားထောင်ပါအုံး၊ အမေ ပြောပါရစေအုံး ဟု အော်နေသံကြားနေရသည်။

အိမ်အပြင်ဘက်သို့ ရောက်သောအခါ လမ်းအတိုင်း တအားပြေးခဲ့သည်။ ကျွန်တော့်နောက်မှ ဦးသန်းမောင်၊ ဦးသန်းမောင် နောက်မှ အမေ ပြေးလိုက်လာကြသည်။

အမေက အသောင်း ပြန်လာခဲ့၊ အသောင်းပြန်လာပါ ဟု အော်ခေါ်နေပါသည်။ ကျွန်တော် အမေ့ကို သိပ်သနားပြီး မျက်ရည်ဖြိုင်ဖြိုင်ကျမိပါသည်။ သို့သော် ကျွန်တော် တွေဝေနေ၍မဖြစ်ပါ။ မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ကာ အမေ့ကိုကျောခိုင်းပြီး   မြို့ထဲအရောက်ပြေးခဲ့ပါသည်။ လမ်းကြမ်းကြမ်းကျောက်ခဲများပေါ်တွင် ပြေးနေခြင်းဖြစ်၍ ခြေဖဝါးများပေါက်ပြဲပြီး နာလာမှ ကျွန်တော် ဖိနပ်စီးမလာမိသည်ကို သတိပြုမိပါတော့သည်။

တပ်သားသစ်များ ဆေးစစ်ခြင်းကို စစ်ကိုင်းမြို့ ဘုရင့်ရုပ်ရှင်ရုံတွင်ပင် ပြုလုပ်ပါသည်။ တပ်သားသစ်အဖြစ် ဝင်ရောက်သူ သုံးရာကျော်ခန့်ရှိပါသည်။ ပညာသင်ဆဲ ကျောင်းသားများ၊ ဈေးသည်၊ ကုန်သည်များအပြင် ဘုန်းကြီး၊ ရဟန်းများပင်ပါကြသည်။ ဆေးစစ်သည့်နေရာရောက်မှပင်ကျွန်တော်တို့ စစ်ကိုင်းမြို့ အစိုးရ အထက်တန်း ကျောင်းကြီးမှ စီနီယာကျောင်းသား ကြီးများ၊ ကျောင်းနေဖက်သူငယ်ချင်းများ၊ မိတ်ဆွေများကို တွေ့ရပါသည်။ တပ်မတော်သို့ ဝင်ရန် အချို့သူတို့သည် သူငယ်ချင်း၊မိတ်ဆွေများနှင့် တိုင်ပင်ပြီး အစုလိုက်၊အဖွဲ့လိုက် ဝင်ရောက်လာကြခြင်းဖြစ်သဖြင့် စုစုဝေးဝေးပျော်စရာကြီးဖြစ်နေပါသည်။ ကျွန်တော့်အနေနှင့်မူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုကြောင့် ဝင်ရောက်လာခြင်း မဟုတ်သည့်အပြင် သူငယ်ချင်း၊ မိတ်ဆွေများဖြင့် တိုင်ပင်ပြီး ဝင်ရောက်လာခြင်း မဟုတ်သဖြင့် ပထမတွင် တစ်ယောက် တည်းဖြစ်နေခဲ့သော်လည်း ဆေးစစ်ရာတွင်မိတ်ဆွေသူငယ်ချင်းများနှင့်တွေ့ရှိပေါင်းသင်းမိပြီး တပျော်တပါးကြီး ဖြစ်သွားပါတော့သည်။

ဆေးစစ်ရာတွင် အစစ်ဆေးခံရသူများ ကိုယ်တုံးလုံးချွတ်ပြီး မိမွေးတိုင်း၊ ဖမွေးတိုင်း အစစ်ဆေးခံကြရပါသည်။ ကိုယ် အလေးချိန်သည်။ အရပ်၊ ရင်ဘတ်တိုင်းထွာသည်။ ခြေလက်အင်္ဂါစုံ၊ မစုံစစ်သည်၊မျက်စိ ဘယ်၊ ညာ မြင်၊ မမြင် စစ်ဆေးသည်။  နားကြား၊ မကြား စစ်သည်။

နှာခေါင်းစစ်သည်။ ပါးစပ်ဖြဲကြည့်သည်။ ဒူးကိုခေါက်ကြည့်သည်။

ဆေးစစ်ခြင်းကို အသေးစိတ်ပြုလုပ်ခြင်းဖြစ်ရာ ဆေးမအောင်သူများရှိကြသည်။

ဆေးမအောင်သူများသည် သက်ဆိုင်ရာ အရာရှိထံသို့   သွားရောက်အသနားခံကြသော်လည်း တပ်မတော်တွင် ကျန်းမာရေးဒေါင်ဒေါင်မြည်သူများကိုသာ လက်ခံသည်ဖြစ်ရာ ကျန်းမာရေးချို့ယွင်းသူများ ဝင်ခွင့်မရကြရှာပါ။

ဆက်လက်ဖော်ပြပါမည်။