ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၈)

တပ်မတော်သို့ ဝင်ရောက်ကြသူများသည် စားရမဲ့သောက်ရမဲ့ ထမင်းငတ်၍ ဝင်ရောက်ကြခြင်း မဟုတ်ဘဲ တိုင်းပြည်နှင့်  လူမျိုးကိုချစ်၍ ဝင်ရောက်ကြခြင်းဖြစ်ရာ ဝင်ရောက်အမှုထမ်းခွင့် မရသူများ ဝမ်းပန်းတနည်း ငိုကြွေးသည်ကို   စိတ်မကောင်းဖွယ်ရာတွေ့မြင်ရပါသည်။

ကျွန်တော်သည် ဆေးမအောင်လျှင် အမေ့ထံသို့ပြန်မသွားတော့ဟု စိတ်ကိုပိုင်းဖြတ်ထားပါသည်။

သို့သော် ကျွန်တော်ဆေးစစ်အောင်မြင်သဖြင့် ဝမ်းသာမိပါသည်။

ကျွန်တော်အပါအဝင် ဆေးအောင်သော တပ်သားသစ်များကို တည်းခိုရမည့်နေရာသို့ ခေါ်ဆောင်သွားပြီး တစုတဝေးတည်း ထားရှိပါသည်။

ထိုနေ့ညနေတွင် တပ်သားသစ်များ တည်းခိုရာနေရာသို့ ကျွန်တော့်အစ်ကိုတစ်ယောက် ရောက်လာပါသည်။ သူ့လက်ထဲတွင် အမေပေးလိုက်သော အထုပ်တစ်ထုပ်ပါလာသည်။ ကျွန်တော်အထုပ်ကိုဖွင့်ကြည့်လိုက်သောအခါ စစ်မဖြစ်မီက   မန္တလေးဈေးချို တိုက်တန်းတွင်  ချုပ်ထားသော နက်ပြာရောင် ဘလေဇာအင်္ကျီ တစ်ထည်၊ ချည်စောင်တစ်ထည်၊ မော်တော်ကားတာယာဖြင့် ပြုလုပ်ထားသောညှပ်ဖိနပ် တစ်ရန်နှင့် စာအိတ်တစ်အိတ်ဖြစ်

ပါသည်။စာအိတ်ထဲတွင် ငွေ ၅၀ နှင့် အမေ့ထဘီစကလေး လက်လေးသစ်ခန့်ကို တွေ့ရပါသည်။ အမေ့ထဘီစကလေးမှာ   စစ်ထွက်ယောက်ျားမောင်တို့ နားတွင်ပန်ရသော အဆောင်ပစ္စည်းဖြစ်ပါသည်။ ဘလေဇာကုတ်နှင့် ချည်စောင်မှာ ကျွန်တော့်အတွက်မလိုအပ်ပါ။ လာပို့သော အစ်ကိုအား ပြန်ပေးသောအခါ အစ်ကိုက ချည်စောင်ကိုသာ ပြန်ယူသွားပါသည်။ ဘလေဇာကုတ်ကို မရရအောင်ပေးလိုက်ရန်  မှာလိုက်ကြောင်း ပြောပါသည်။ တပ်ထဲတွင် ဘလေဇာကုတ် ဝတ်ချိန်ရှိမည်မဟုတ်သော်လည်း တပ်ထဲမရောက်မီ လမ်းတွင် ချမ်းရှာမည်စိုး၍လည်းကောင်း၊ ကျွန်တော့်တွင်ရှိသော အဖိုးတန် အင်္ကျီကလေးဖြစ်၍လည်း

ကောင်း အတင်းပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ လမ်းတွင်ဆာလျှင် မုန့်ဝယ်စားရန်ငွေ ၅၀ လည်းပါသေးသည်။    အမေ့မေတ္တာ၊ အမေ့စေတနာကို သိရှိခံစားရသောအခါ ရင်တွင်းဝယ် နှစ်သိမ့်ကြည်နူးလွန်းသဖြင့် မျက်ရည်များပင်ကျမိပါသည်။ အမေစိတ်ချမ်းသာအောင် ဘလေဇာကလေးကိုယူထားလိုက်ပါသည်။     အမေသည် သားတစ်ယောက်ကို တိုင်းပြည်သို့ အပြီးအပိုင် လှူလိုက်လေပြီ။

ထိုညက ကျွန်တော်တို့ တပ်သားသစ်များမှာ ခေါင်းအုံး၊ စောင်စသော အိပ်ရာပစ္စည်းများ မပါဘဲ သမံတလင်းပေါ်တွင် အိပ်ကြရပါသည်။ စစ်သားဘဝ၏ ပထမဆုံးနေ့တွင် ဆင်းရဲခြင်းဖြစ်ပါသည်။

မပြောပလောက်ပါ။ ကျွန်တော် ဘလေဇာကိုဝတ်ပြီး လွယ်အိတ်ကို ခေါင်းအုံးအိပ်လိုက်ပါသည်။ စစ်ကိုင်းမြို့၏ မတ်လ ညများသည် စောင်ထူထူခြုံအိပ်လောက်အောင် အေးလှကြောင်း စောင်မခြုံရမှပို၍ သိရပါသည်။  အမေပေးလိုက်သော ဘလေဇာလေးဝတ်အိပ်ရ၍ အမေ့ကို  သတိရ ကျေးဇူးတင်နေမိပါတော့သည်။

တော်တော်နှင့်အိပ်မပျော်ပါ။

မှေးခနဲ အိပ်မပျော်သလို ဖြစ်သွားချိန်တွင်”ရဲဘော်သစ်တွေက တန်းစီ...”

ဟု အော်သံကြားရ၍  ငေါက်ခနဲ ထထိုင်လိုက်ပါသည်။သန်းခေါင်ကျော် နှစ်နာရီထိုးဟု သိရပါသည်။ ရဲဘော်သစ်များ ဆိုသော်လည်း ကျွန်တော်တို့ အရပ်သားများသာ ဖြစ်ကြပါသည်။

သို့နှင့် တန်းစီရာတွင် အခက်အခဲ အနည်းငယ်တော့ ရှိကြပါသည်။

ကွပ်ကဲသည့်ဆရာများက ခပ်ကြမ်းကြမ်း တွန်းထိုးဆွဲယူ တန်းစီပေးမှ ရှေ့နောက်နှစ်တန်း ဖြစ်သွားပါသည်။”ရှေ့ဖင်နောက်...တည့်တည့်စီ”ဟု ဆရာများက ညစ်တီးညစ်ပတ် အော်သည်။ ရှေ့လူ၏ နောက်စေ့ တည့်တည့်ကြည့်၍ စီရမည်ဟု နားလည်မိပါသည်။ မိမိအမည်ကိုခေါ်လျှင် “ရှိ” ဟုပြန်အော်ရသည်။ အမှတ်စဉ်မမှတ်ခိုင်းတော့ဘဲ ဆရာများက ရှေ့တန်းတွင် တန်းစီနေသူများ၏ ရင်ဘတ်ကို လက်နှင့်ပုတ်ကာ လူဦးရေ ရေတွက်လိုက်သည်။ ဆေးစစ်ခံရာတွင် လူသုံးရာကျော်ခန့် ရှိခဲ့သော်လည်း တန်းစီလိုက်သောအခါ ဆန်ခါတင် အရွေးခံရသူ လူတစ်ရာကျော်ခန့်သာ ကျန်ပါတော့သည်။ အရွေးအချယ် ခံရသူများထဲမှပင်  မိဘများက လာခေါ်သွား၍ အိမ်ပြန်သွားကြသူများ၊  ကိုယ့်သဘောနှင့်ကိုယ် လစ်သွားသူများ ရှိကြပါသည်။

တန်းစီလူစစ်ပြီးသောအခါ တစ်ဖက်ကမ်းသို့ကူးမည့် သင်္ဘောဆိပ်သို့ ခြေကျင် ချီတက်ကြရသည်။  

သင်္ဘောဆိပ်တွင် စစ်ကိုင်းဘက်မှ ရွှေကြက်ယက်ဘက်သို့ တပ်သားသစ်များကို ပို့ပေးမည့်မော်တော်ပေါ်တက်ကြရပါသည်။

ကျွန်တော်   စစ်ကိုင်းမြေမှ ထွက်ခွာခဲ့သောနေ့မှာ ၁၉၄၃ ခုနှစ် မတ်လ ၁၅ရက်(တပေါင်းလဆန်း ၇ ရက်) ဖြစ်ပါသည်။ ဧရာဝတီမြစ်အတွင်း လေတဖြူးဖြူး တိုက်နေသည်။ ခိုက်ခိုက်တုန်အောင် မချမ်းလှသော်လည်း အတော်အတန် အေးလျက်ရှိပါသည်။ မော်တော်ပေါ်တွင်  မည်သူမျှစကားမပြောကြ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး မော်တော်စက်သံကိုသာ ကြားနေရပါ၏။ အတွေးကိုယ်စီ၊ အလွမ်းကိုယ်ငနှင့်   ရှိနေကြပေလိမ့်မည်။

ကျွန်တော်လည်း မွေးကတည်းက ချိုးခဲ့၊   သောက်ခဲ့ရသော တသွင်သွင်စီးနေသည့်ဧရာဝတီမြစ်ရေကို ငေးမောကြည့်နေမိပါသည်။စစ်ကိုင်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ မြို့ကိုဝိုးတဝါးသာ မြင်ရသည်။ သည်မြို့နှင့်သည်မြစ်ကြီးကို သည်ဘဝမှာ နောက်ထပ်တစ်ဖန် ပြန်တွေ့ရပါဦးမည်လော။ မသေချာပါ။ ကျွန်တော့်အသက်နှင့် ခန္ဓာကိုယ်ကို တိုင်းပြည်နှင့် တပ်မတော်သို့  ပေးလှူအပ်နှံလိုက်ပြီ မဟုတ်ပါလား။

    ဆက်လက်ဖော်ပြပါမည်။