ရုရှားအပေါ်အရေးယူ ပိတ်ဆို့မှုများ အလုပ်မဖြစ်ဟု အမေရိကန် တာဝန်ရှိသူများဝန်ခံ

ရုရှားအပေါ်အရေးယူ ပိတ်ဆို့မှုများ အလုပ်မဖြစ်ဟု အမေရိကန် တာဝန်ရှိသူများဝန်ခံ

အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏  ရုရှားအပေါ်အရေးယူ ပိတ်ဆို့မှုများက ရုရှားနိုင်ငံ၏ စီးပွားရေးကို မပြိုလဲစေသည့်အတွက်  လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း  အမည်မဖော်လိုသူ အမေရိကန် အစိုးရတာဝန်ရှိသူများက CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဝန်ခံလိုက်ကြောင်း သိရသည်။

အနောက်အုပ်စုက ရုရှားအပေါ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း ရုရှားနိုင်ငံအနေဖြင့်  စွမ်းအင်ကဏ္ဍမှ အမြတ်အစွန်းကြီးစွာ ရရှိသေးသည့်အပြင် ငွေတန်ဖိုးမှာလည်း ပိုမိုခိုင်မာလာနေစဉ် အမေရိကန်အစိုးရ တာဝန်ရှိသူများက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ ရုရှား၏ယူကရိန်း အထူးစစ်ဆင်ရေး အပေါ် အမေရိကန်ဦးဆောင်သော NATO အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂတို့က ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် အဓိကပစ်မှတ်ထားသည့် မကြုံစဖူးသော အရေးယူပိတ်ဆို့မှုများကို ချမှတ်ထားခြင်းဖြစ်သည်။

ထိုသို့အထူးစစ်ဆင်ရေး လုပ်ဆောင်ပြီး သီတင်းပတ်နှစ်ပတ် အတွင်းမှာပင် ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အရေးယူပိတ်ဆို့မှု အခံရဆုံး နိုင်ငံဖြစ်လာသည်။

သို့သော် ရုရှားသည် ဥရောပမဟုတ်သည့် အခြားသောဒေသများသို့ စွမ်းအင်တင်ပို့မှုမှ အမြတ်အစွန်းကြီးစွာ ရရှိလာသည့်အပြင် ရူဘယ်ငွေ တန်ဖိုးမှာလည်း ၂၀၁၉ ခုနှစ်ကထက် ပိုမိုခိုင်မာလာကာ  ငွေကြေးဖောင်းပွမှုသည်လည်း ကျဆင်းသွားသည်။

လက်ရှိတွင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကြောင့်  ကမ္ဘာ့စွမ်းအင် ဈေးကွက် ကမောက်ကမဖြစ်ကာ   ထိုသို့အရေးယူ ပိတ်ဆို့မှု၏ ဆိုးကျိုးကို   ဥရောပအဖွဲ့ဝင် နိုင်ငံများက  ပိုမိုခံစားနေရကြောင်း သိရသည်။