အရှေ့တောင်အာရှက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် နှစ်စဉ်အမေရိကန် ဒေါ်လာ ဘီလီယံ ၂၁၀ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟုဆို
အရှေ့တောင်အာရှဒေသရှိ နိုင်ငံများအနေဖြင့် အသုံးချစွမ်းအင် ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များ ရရှိအောင်မြင်စေရန်တို့ အတွက် လက်ရှိရင်းနှီးမြှုပ်နှံမှုထက် နှစ်ဆကျော်တိုးပြီး နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံ ၂၁၀ အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အေဂျင်စီ၏ ယခုသီတင်းပတ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို အနားပေးခြင်းနှင့်အတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ပိုမိုအသုံးချခြင်းနှင့် ဒေသတွင်း ဓာတ်အားလိုင်းများ ချိတ်ဆက် အသုံးပြုမှုတို့သည် ကာဗွန်ထုတ်လွှတ်မှုသုည ရည်မှန်းချက် အတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းများ ဖြစ်ကြောင်း အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် ဖရန်စက်စကိုလာကင်မရာ ကပြောသည်။
အရှေ့တောင်အာရှဒေသ အနေဖြင့် ၂၀၂၅ ခုနှစ်အရောက်တွင် ပင်မစွမ်းအင် အသုံးပြုမှု၏ ၂၃ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှရယူရန် ရည်မှန်းထားသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကိုကြည့်ပါက လွန်စွာနည်းပါး နေသေးကြောင်း အေဂျင်စီက ထုတ်ပြန်ထားသည်။
နိုင်ငံများအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ရယူအသုံးပြုရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လေလေ၊ စွမ်းအင်သုံးစွဲမှုအတွက် ကုန်ကျစရိတ်သက်သာလေလေဖြစ်မည်ဖြစ်သည်။
ထို့ပြင် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ရုပ်ကြွင်းလောင်စာ များကြောင့်ဖြစ်သည့် ကျန်းမာရေး ထိခိုက်ရမှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံခွဲကို လည်း သက်သာစေမည်ဖြစ်ကြောင်း သိရသည်။