ဂျပန်နိုင်ငံက အပြင်းထန်ဆုံး တိုင်ဖွန်း မုန်တိုင်းနှင့် ရင်ဆိုင်ရမည်
ဂျပန်နိုင်ငံအနေဖြင့် အပြင်းထန်ဆုံးတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာ ၁၇ ရက်တွင် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ကာ ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုလှုံရန် တိုက်တွန်းထားသည်။
လက်ရှိအချိန်တွင် တိုင်ဖွန်းမုန်တိုင်း နန်မာဒေါသည် တစ်နာရီလျှင်လေတိုက်နှုန်း ကီလိုမီတာ ၂၇၀ နှုန်းဖြင့် ကျူရှူးကျွန်းသို့ ဦးတည် တိုက်ခတ်နေခြင်း ဖြစ်သည့်အတွက် မိုးလေဝသဌာနက အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။
အဆိုပါမုန်တိုင်းသည် စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းတွင် အိုကီနာဝါကျွန်းစု၏ အရှေ့ဘက်ကီလိုမီတာ ၄၀၀ အကွာချဉ်းကပ်ရောက်ရှိနေသည်။
ထိုမုန်တိုင်းသည် စက်တင်ဘာ ၁၈ ရက်တွင် ကျူရှူးကျွန်း၏ တောင်ဘက်ရှိ ကာဂိုရှီးမားစီရင်စု ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။
ယင်းမုန်တိုင်းကြောင့် ပင်လယ်ပြင်အတွင်း လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း အစရှိသည်တို့ဖြစ်ပွားနိုင်ပြီး အဆိုပါမုန်တိုင်းသည် အလွန်အန္တရာယ်များသည့် မုန်တိုင်းတစ်လုံးဖြစ်ကြောင်း မိုးလေဝသဌာနမှူးက ပြောထားသည်ဟု သိရသည်။