တရုတ်(တိုင်ပေ)တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ တစ်ခုပြိုကျ
တရုတ်(တိုင်ပေ)တောင်ပိုင်းတွင် စက်တင်ဘာ ၁၈ ရက်၌ ငလျင်တစ်ခု လှုပ်ခတ်ခြင်းကြောင့် အဆောက်အအုံတစ်ခု ပြိုကျခဲ့ရကြောင်း မိုးလေဝသဌာနက ထုတ်ပြန်သည်။
ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အဆိုပါငလျင်သည် လူနေသိပ်သည်းသည့် တိုင်တွန်ခရိုင်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် မီးရထားတွဲများ လမ်းချော်သွားပြီး ဈေးဆိုင်တစ်ဆိုင်ပြိုကျ သွားကြောင်း သိရသည်။
ယင်းဒေသတွင် စက်တင်ဘာ ၁၇ ရက်ညနေပိုင်းက ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ငလျင်လှုပ်ခတ်မှုအတွင်း လူ ၆၈ ဦးခန့်မှာ တောင်တစ်ခုပေါ်တွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်းတွင် ဆူနာမီသတိပေးချက် တစ်ရပ်ကို အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ရပြီး လက်နက်ကိုင် တပ်ဖွဲ့မှစစ်သည် ၁၁၀ ဦးခန့်ကို ကယ်ဆယ်ရေး လုပ်ဆောင်ရန် တာဝန်ပေးခဲ့ကြောင်း သိရသည်။