ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို အလှည့်အပြောင်းဖြစ်စေမယ့် ဖလူဒါ

အိန္ဒိယနိုင်ငံဆိုတာ အောက်တိုဘာ ၁၅ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၇ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၁၁၁၃၃၇ ဦးရှိတဲ့အတွက် အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။

ဒီတော့ သူ့နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် လူတွေကိုရောဂါစစ်ဆေးမှု စောစောစီးစီးလုပ်မှသာ ရနိုင်မှာပါ။ မတ်လမှာ တစ်ရက်ကို လူ ၁၀၀၀ လောက်ကိုသာ ရောဂါစစ်ဆေးနိုင်ရာက အခုချိန်မှာတော့ တစ်ရက်ကို လူ ၁၁ သိန်း အထိကို ရောဂါ စစ်ဆေးနိုင်နေပါပြီ။

အိန္ဒိယနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ စစ်ဆေးမှုနည်းလမ်းက နှစ်မျိုးရှိပါတယ်။ တစ်မျိုးက တကယ့် စံချိန်မီစစ်ဆေးမှုဖြစ်တဲ့ RT-PCR စက်နဲ့စစ်ဆေးမှုဖြစ်ပြီး တစ်ကြိမ်စစ်ဆေးမှုအတွက် ကုန်ကျစရိတ် က ရူပီး ၄၅၀၀ ရှိပါတယ်။

ဒုတိယနည်းလမ်းက ရောဂါဖြစ်စေတဲ့ ပဋိပစ္စည်းကို အမြန်စစ်ဆေးတဲ့ကိရိယာ (Antigen Test Kit)ဖြစ်ပြီး နာရီဝက်အတွင်း အဖြေထုတ်ပေးနိုင်ကာ တစ်ကြိမ်စစ်ဆေးမှုအတွက် ကုန်ကျစရိတ်က  ရူပီး ၇၅၀ သာရှိပေမယ့် စိတ်ချရမှုမရှိဘဲ များသောအားဖြင့် ရောဂါကူးစက်ခံထားရခြင်း မရှိဘူးဆိုပြီး တော့ပဲ အဖြေထုတ်လေ့ရှိပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်ဖို့အတွက် ဈေးလည်းသက်သာ၊ တိကျမှုလည်းရှိရမယ့် စစ်ဆေးတဲ့ ကိရိယာတစ်ခုတော့ လိုအပ်လာပါပြီ။ အခုတော့ ဒီလိုကုန်ကျစရိတ် နည်းနည်းနဲ့ အဖြေ ကိုလည်း မှန်မှန်ကန်ကန်ထုတ်ပေးနိုင်မယ့် ကိရိယာလေးကို အိန္ဒိယသိပ္ပံ ပညာရှင်တွေကပဲ တီထွင် ပေးလိုက်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ ကိုယ်ဝန် ရှိ၊ မရှိစစ်ဆေးတဲ့ ကိရိယာအလားထင်ရပေမယ့်လည်း  တကယ်တမ်းတော့ အဲဒါဟာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိစစ်ဆေးပေးတဲ့ အတံလေးသာဖြစ်ပါတယ်။ ဒီလို အတံလေးကို စတင်တီထွင်ဖို့ စိတ်ကူးရသူတွေက ဓာတုဇီဝပညာရှင် ဆိုဗစ်မေတီနဲ့ မော်လီ ကျူးဇီဝပညာရှင် ဒီဘော့ယိုတီချာကရာဘော့တီတို့ဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူကိုစတင်တွေ့ရှိတဲ့  ဇန်နဝါရီလကတည်းက စိတ်ကူးရခဲ့တာပါ။

အဲဒီပညာရှင်နှစ်ယောက်က မူမမှန် သွေးနီဥကြောင့်ဖြစ်တဲ့ သွေးအားနည်း ရောဂါကိုရှာဖွေဖို့အတွက် ဖန်တီးထားတဲ့ ရောဂါစစ်တံကို ပြန်လည်ဆန်းသစ်ပြီး ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ ဒီလိုစိတ်ကူးရပြီး နှစ်လအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါစစ်တဲ့အတံ ရှေ့ပြေးပုံစံ ကိုရရှိခဲ့ပါတယ်။ အဲဒီရောဂါစစ်တံကိုတော့ ဖလူဒါ(Feluda)လို့ နာမည်ပေးထားပါတယ်။

ဖလူဒါရဲ့ လုပ်ဆောင်ချက်ကတော့ ကိုရိုနာဗိုင်းရပ်မျိုးရိုးဗီဇတွေကို အဓိကထားဖော်ထုတ်သော နည်း ပညာဖြစ်တဲ့ CRISPRCas ကိုအခြေခံထားပြီး ရလဒ်ကိုတော့ တစ်နာရီအတွင်းမှာ ထုတ်ပေးနိုင် ပါတယ်။ တကယ်တမ်း လူတစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိဆိုတာကို သေချာအောင် စစ်ဆေးပေးနိုင်တာက PCR စက်ဖြစ်ပါတယ်။ အဲဒီစက်တွေအများစုဟာ ဓာတ်ခွဲခန်းတွေမှာသာ တည်ရှိတာပါ။

ဖလူဒါကတော့ အဲဒီလိုစက်ကြီးတွေရဲ့ စစ်ဆေးမှုအတိုင်း စစ်ဆေးပေးနိုင်ပြီး ကွာခြားတဲ့အချက်က   အချိန်၊ ငွေ၊ လူအင်အား၊ နေရာ စတာတွေ ကုန်ကျမှုအများကြီး သက်သာသွားတာဖြစ်ပါတယ်။ ဖလူဒါနဲ့ စမ်းသပ်မယ်ဆိုရင် အခုမှစက်ကိုစကိုင်ဖူးတဲ့သူ တစ်ယောက်တည်းနဲ့ တောင်လုပ်နိုင်တဲ့ စက်အသေးလေးတစ်လုံးကို ကိုင်တွယ်ဖို့သာ လိုပါမယ်။ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်မှုအတွက် အရင်ဆုံးလူနာဆီကနေ နှာခေါင်း သို့မဟုတ် အာခေါင်တို့ဖတ် ယူရပါမယ်။

ပြီးရင် မျိုးရိုးဗီဇပါဝင်တဲ့ အရာဝတ္ထုတွေကို အကြီးချဲ့ဖို့ PCR နည်းပညာသုံးစက်ကို အသုံးပြုပါမယ်။ အဲဒီနောက် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်ရဲ့မျိုးရိုးဗီဇကို ဖော်ထုတ်ဖို့ CRISPR-Cas9 ပရိုတိန်းပါဝင် အသုံးပြုထားတဲ့ ဖလူဒါအရည်ကို ရရှိပါမယ်။ ရရှိလာတဲ့ ဖလူဒါ အရည်ထဲကို ရောဂါစစ်တံနှစ်ပြီးတော့ မျဉ်းတစ်ကြောင်းပေါ်လား။ နှစ်ကြောင်းပေါ်လားဆိုတာကို ကြည့်ရပါတယ်။

ဒီနေရာမှာ မျဉ်းဘယ်နှကြောင်းပေါ်လဲဆိုတာ ရင်ခုန်ရပါဦးမယ်။ အကယ်၍ လူနာမှာ ကိုဗစ်-၁၉ ရောဂါရှိနေမယ်ဆိုရင်တော့ မျဉ်းနှစ်ကြောင်းပေါ်ပါလိမ့်မယ်။ ရောဂါမရှိဘူးဆိုရင်တော့ မျဉ်းတစ် ကြောင်းသာပေါ်ပါမယ်။

ဖလူဒါရဲ့တိကျမှုကလည်း RT-PCR စက်နဲ့ စမ်းသပ်မှုရလဒ်နီးပါးရှိပါတယ်။ လက်တွေ့စမ်းသပ်မှုကို တော့ လူပေါင်း ၂၀၀၀ ကျော်နဲ့လုပ်တာဖြစ်ပြီး ၉၆ ရာခိုင်နှုန်းက တုံ့ပြန်မှုရှိကာ ၉၈ ရာခိုင်နှုန်း ကတော့ တိကျမှုရှိတာကိုတွေ့ရပါတယ်။ တကယ်လို့သာ ဖလူဒါက Antigen Test Kit ထက် ပိုပြီး တိကျမှုလည်းရှိမယ်၊ ဈေးလည်းသက်သာမယ်ဆိုရင်တော့ ဒါဟာအကျိုးရလဒ်ကောင်း တစ်ခုဖြစ် မယ်ဆိုပြီး ကပ်ရောဂါပညာရှင် ဂျာယာပရာကက်မူလီယီက ပြောပါတယ်။

အခုတော့ ဒီအတံလေးဟာ မကြာခင်မှာ ဈေးကွက်အတွင်းကို ရောက်ရှိလာပါတော့မယ်။ လတ်တ လောခန့်မှန်းချက်တွေ အရတော့ ဒီကိရိယာဟာ ရူပီး ၅၀၀ ခန့်သာ ရှိမယ်လို့ဆိုကြပေမယ့် တကယ် တမ်း ဈေးကွက်အတွင်း  ဝင်လာချိန်မှာတော့ ခန့်မှန်းထားတာထက် ဈေးအနည်းငယ် မြင့်တက် နိုင်ပါတယ်။ အခုဆိုရင် ဖလူဒါကို ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားမှုတွေ မြင့်တက်နေပါပြီ။ ဒီကိရိ ယာနဲ့ပတ်သက်ပြီး  စုံစမ်းမေးမြန်းမှုတွေလည်း ရှိလာပါတယ်။

ဒါကြောင့် ဖလူဒါကိရိယာဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယ နိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်လည်း ကောင်းမွန်တဲ့ အလှည့်အပြောင်း တစ်ခုဖြစ် လာပါလိမ့်မယ်။

Ref: TST

ထက်မြတ်