ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၉)

ရွှေကြက်ယက်တွင်   မန္တလေးမှ လာရောက်ခေါ်ယူမည့် မော်တော်ယာဉ်များကို စောင့်ရမည်ဖြစ်သဖြင့် ခေတ္တတန်းဖြုတ်လိုက်ပါသည်။ တန်းဖြုတ်လိုက်မှပဲချုံကောင်းကောင်းကိုရှာပြီး    အားရအောင် တောထိုင်နိုင်ပါတော့သည်။

ကျွန်တော်သည် တစ်ရပ်တည်းသားဖြစ်သော စာရေးဆရာကြီး မဟာဆွေ၏ ဇာတ်လိုက်များ နံနက်အိပ်ရာထလျှင် အစာဟောင်းများကို စွန့်ပစ်ရန်နှင့် အစားအသောက်စားပြီး အစာသစ်ဝင်လျှင် အစာဟောင်းများကို ထုတ်ပစ်တတ်အောင်အလေ့အကျင့်လုပ်ထားကြခြင်းကို အလွန်သဘောကျပါသည်။   

ကျွန်တော်သည် ကျန်းမာရေးအတွက် ဆရာကြီးမဟာဆွေ၏ ဇာတ်လိုက်များကို အတုယူလေ့ကျင့်ထားသဖြင့် နံနက်အိပ်ရာထလျှင် အခင်းကြီး၊ အခင်းငယ်သွားလိုက်ရမှ နေသာထိုင်သာရှိပါသည်။

တန်းဖြုတ်ထားသဖြင့် ရဲဘော်သစ်များ သစ်ပင်ရိပ်များတွင်နားခိုရင်း မန္တလေးမှလာသည့် မော်တော်ယာဉ်များကို စောင့်ကြရပါသည်။ နံနက်စာဘာမှမစားကြရပါ။ သောက်ရေကို ရွာမှသောက်ရေအိုးများလာရောက်ပို့ကြသဖြင့် သောက်ကြရပါသည်။

   မော်တော်ယာဉ်များ နေ့လယ် ၁၂ နာရီခန့်မှ ရောက်ရှိလာကြသည်။ နံနက်စာကို မန္တလေးရောက်မှစားရမည်ဟု သိရသည်။

ကျွန်တော်တို့ သတ်မှတ်ထားသည့်ကားပေါ်သို့ပြေးတက်ကြသည်။ ကားပေါ်ရောက်မှ ကားစက်နှိုးမရသဖြင့် ဆင်းပြီးတွန်းကြရပြန်သည်။ မန္တလေးအထိ ကားက ဖြောင့်ဖြောင့်တန်းတန်းမသွား။ ရပ်လိုက်၊ ပြင်လိုက်တွန်းလိုက်နှင့် မန္တလေးရှိ ကျွန်တော်တို့ စခန်းချရမည့် ဆပ်ကျောင်း(ယခု ရဲသိပ္ပံ)သို့ ညနေသုံးနာရီခန့်မှ ရောက်ရှိသွားသည်။

  ဆပ်ကျောင်းတွင် ကျွန်တော်တို့ ခေတ္တတည်းခိုရမည့် အဆောက်အအုံမှာနှစ်ထပ်စစ်တန်းလျားများဖြစ်ပါသည်။ ကျွန်တော်တို့အဖွဲ့ကို အပေါ်ထပ်တွင် နေရာချထားပေးသည်။ အိပ်ရာ၊ အိပ်စင်၊ ခုတင်များမရှိကြပါ။ ကြမ်းပေါ်တွင် အိပ်ရမည်ဖြစ်ပါသည်။ အိပ်ရမည့်ကြမ်းပြင်တွင် အမှိုက်သရိုက်၊ ဖုန်များဖြင့် ညစ်ပတ်လျက်ရှိနေသည်။ကျွန်တော်တို့  သန့်ရှင်းရေးလုပ်ကြပြီးကြမ်းပေါ်တွင် ခြေပစ်လက်ပစ် လှဲအိပ်လိုက်ကြပါသည်။

  ထိုနေ့က ကျွန်တော်တို့ နံနက်စာနှင့် ညနေစာပေါင်းပြီး တစ်ထပ်တည်းသော ထမင်းကို ညနေ လေးနာရီခန့်မှ စားကြရသည်။ စားရသော ထမင်းမှာဆန်လုံးတီး ခပ်ကြမ်းကြမ်းတွင် စပါးလုံးခပ်များများပါသည်။ ထမင်းကမနူးမနပ်၊ အေးစက်ပြီး မာနေသည်။ ထမင်းပေါ်တွင် ပဲဟင်းရည် ကျဲကို အနည်းငယ်ဆမ်းပေးထားသည်။

ဆာလောင်လှသော်လည်း  မျို၍မကျပါ။

ရေနှင့်မျှောချရသည်။

ရွှေကြက်ယက်မှ မန္တလေးသို့ ခရီးကြမ်းနှင်ခဲ့ရ၍ တစ်ကိုယ်လုံးချွေးများ၊ ဖုန်များဖြင့် ပေကျံညစ်ပတ်နေသော်လည်း ရေမရှိ၍ ရေမချိုးရပါ။ ဖုန်ထူသောကြမ်းပြင်ပေါ်တွင် ချွေးစိုနေသော အဝတ်အစားများဖြင့် တုံးလုံးပက်လက်လှဲလိုက်ကြသည်။

အိပ်လိုက်မှပင် ပြောက်ကျားနည်းဖြင့်တိုက်ခိုက်တတ်သော မန္တလေးခြင်၏ တိုက်ခိုက်ခြင်းကို ခံကြရပါတော့သည်။

မန္တလေးခြင်သည် နားရွက်နားလာပြီး အော်မနေဘဲ တိတ်တိတ်ကလေးကိုက်တတ်သည်။  တိတ်တိတ်ကိုက် သော်လည်း နည်းနည်းပါးပါးမဟုတ်ပါ။ ကိုက်နေသောခြင်များကို လက်နှင့်သပ်ချ၍ ရလောက်အောင် များပြားလှပါသည်ဟု တင်စား၍ပြောရပါမည်။ စစ်သားဘဝ၏ ဆင်းရဲခြင်းအရသာကို ပထမဆုံးနေ့တွင် နဖူးတွေ့ဒူးတွေ့တွေ့ရခြင်းဖြစ်ပါသည်။

နံနက်စောစောတွင် ရဲဘော်သစ်တွေတန်းစီဟု အော်သံကြားရသဖြင့် အိပ်ရာမှ ကမန်းကတန်းထကာ တန်းစီရသည်။

တန်းစီ၊ လူစစ်ပြီးနောက် တန်းမဖြုတ်တော့ဘဲ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းကိုဆက်လုပ်ကြရသည်။

ခေတ္တတန်းဖြုတ်ချိန်တွင် မုန့်ပဲသရေစာများ ရောင်းချသော  ဈေးသည်များရှိနေသဖြင့် ပိုက်ဆံရှိလျှင် ဝယ်စားနိုင်သည်။ ကျွန်တော့်တွင် အမေပေးလိုက်သောပိုက်ဆံရှိ၍ အကြော်တစ်ခုဝယ်စားလိုက်သည်။ သို့သော် ဝယ်မစားနိုင်သော ရဲဘော်အချို့ကိုမြင်ရသောအခါ သူတို့အားလုံးကိုလည်း ဝယ်မကျွေးနိုင်၊ ကိုယ်တစ်ယောက်တည်း စားရမည်ကိုလည်း ရှက်လာသဖြင့် နောက်ထပ်ဝယ်မစားတော့ဘဲ နေလိုက်ရပါသည်။ ဆန်ပြုတ်ရတယ်ဟု ပြောသံကြား၍ သွားရောက်တန်းစီရာ ကုန်သွားသဖြင့် မစားလိုက်ရပါ။

နံနက် ရှစ်နာရီခန့်တွင် တန်းစီရပြန်ပါသည်။ စစ်ရေးပြလေ့ကျင့်ရန်ဖြစ်ပါသည်။

စစ်ရေးပြလေ့ကျင့်ရာတွင် ကျွန်တော့်ကဲ့သို့ ဘောင်းဘီနှင့်လေ့ကျင့်နိုင်သူမှာ အထူးအဆန်းဖြစ်နေသည်။ ရဲဘော်သစ်အားလုံးလိုလို လုံချည်ကိုသာ ဝတ်ထားကြသည်။

အချို့ရဲဘော်များ ခါးတောင်းမြှောက်အောင်ကျိုက်ထားကြသည်။ သတိ၊ သက်သာ၊ညာညှိ၊ အမှတ်စဉ်မှတ်၊ ချီတက်(အမြန်လျှောက်) စသည့် အခြေခံစစ်ရေးပြလေ့ကျင့်ခန်းများကို ဆယ်နာရီအထိလေ့ကျင့်ပြီး နံနက်စာစားရန်  ခေတ္တအနားပေးပါသည်။

စားရသော ထမင်းဟင်းများမှာ မနေ့ညက စားရသော ထမင်းဟင်းစံချိန်ကိုမီပါသည်။ စစ်သားဘဝရောက်မှ ဒီလိုထမင်းဟင်းမျိုးစားဖူးရပါသည်။ ထမင်းဟင်းမကောင်းသော်လည်း ဗိုက်ပြည့်ရန်သာ အရေးကြီးသည်။ ကျွေးသမျှထမင်းကိုတစ်စေ့မှ မကျန်အောင်စားပစ်ပါသည်။ဂျပန်ခေတ်တွင် ပြည်သူတွေဆင်းရဲကြသည်။

အချို့စားစရာပင်မရှိကြ။ ကျွန်တော်တို့ကို တိုင်းပြည်ကကျွေး၍ စားရသည်။ ကျွေးသမျှကိုအကုန်မစားဘဲ အလဟဿသွန်ပစ်လျှင် ငတ်နေသူများကိုမငဲ့ညှာရာရောက်သည်။ တိုင်းပြည်အပေါ်တာဝန်မကျေရာ လည်းရောက်သည် ဆိုသော အသိကို ထိုစဉ်အချိန်ကပင်  မှတ်သားသိထားမိပါသည်။

စစ်ကိုင်းမှတပ်သားသစ်များ မရောက်မီကပင် ဆပ်ကျောင်းတွင် အခြားမြို့နယ်များမှ တပ်သားသစ်များ ကြိုတင်ရောက်ရှိနေကြသည်။ စစ်ကိုင်းအဖွဲ့ရောက်ပြီးသည့်နောက်ပိုင်းတွင်လည်း အခြားမြို့နယ်များမှ စုဆောင်းထားသော တပ်သားသစ်များ  တဖွဲဖွဲရောက်ရှိလျက်ရှိကြသည်။

                    ဆက်လက်ဖော်ပြပါမည်။