ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၀)

စစ်ကိုင်းအဖွဲ့ မန္တလေးဆပ်ကျောင်းသို့ ရောက်ပြီး နောက်တစ်နေ့တွင် စစ်ကိုင်းဘက်မှ အချို့လိုက်လာကြပြီး သူတို့သားများကို အရာရှိများထံ ခွင့်ပန်ပြောဆိုပြီး ပြန်ခေါ်သွားကြသည်ကို  တွေ့မြင်ရပါသည်။ ပင်ပန်းဆင်းရဲမှုကို မခံနိုင်ကြသော ရဲဘော်သစ်အချို့ သက်ဆိုင်ရာသို့ ခွင့်မပန်ဘဲ လစ်သွားကြသည်လည်း ရှိကြပါသည်။

တပ်မတော်တွင် အမှုထမ်းရန် ဆုံးဖြတ်ပြီးဝင်ခဲ့ကြသူများသည် တိုင်းပြည်နှင့် တပ်မတော်အတွက် ဘာတစ်ခုမှ မဆောင်ရွက်ရသေးဘဲ နောက်ဆုတ်သွားကြသည်ကို တွေ့ရသောအခါ ကျွန်တော်မစဉ်းစားတတ်အောင် ဖြစ်မိသည်။  “တပ်ထဲဝင်ရင် ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး။ တိုင်းပြည်အတွက် အသက်ကိုတောင် ပေးလှူရမည်။ တိုင်းပြည်နဲ့ တပ်မတော်အတွက်ကိုယ်ကျိုးကို စွန့်လွှတ်နိုင်မှဝင်ကြ”ဟု ဗိုလ်ခင်မောင်ကလေးက ပြောခဲ့သည်။ ယခုပင်ပန်းတာ၊ ဆင်းရဲတာ အစပဲရှိသေးသည်။  ဒီလောက်ဆင်းရဲဒုက္ခကို မခံနိုင်သူတွေသွားကြတာပဲ ကောင်းပါတယ်။ ဒါမှလည်း လက်ရွေးစင်ဒေါင်ဒေါင်မြည်သော သူများနှင့် ဖွဲ့စည်းထားသော အရည်အသွေး၊ အရည်အချင်းကောင်းသော တပ်မတော်ဖြစ်လာပေလိမ့်မည်။

မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေး လေ့ကျင့်ခြင်း၊ စစ်ရေးပြ လေ့ကျင့်ခြင်းများ ပြုလုပ်ရသည်။ နေ့ခင်းစာစားပြီး အနားပေးထားပါသည်။ ညနေ လေးနာရီတွင် ညနေစာစားပြီးနောက်    ခရီးထွက်ရန် အသင့်စောင့်နေရသည်။ ညနေ ၆ နာရီတွင် တန်းစီလူစစ်ပြီးနောက် မန္တလေး ဘူတာကြီးသို့ ချီတက်ကြရပါသည်။ ချီတက်ရာတွင် စစ်ကိုင်းအဖွဲ့အပြင် ဆပ်ကျောင်းသို့     ကြိုတင်ရောက်နှင့်နေသူများနှင့် နောက်ထပ်ရောက်ရှိလာသူ ရဲဘော်သစ် စုစုပေါင်း သုံးရာခန့်ရှိပါသည်။

မန္တလေးဘူတာကြီးသို့ ရောက်ရှိသောအခါ ဘူတာရုံအတွင်းသို့ မဝင်ရပါ။ ဘူတာရုံအပြင်ဘက်တွင် တန်းဖြုတ်ပြီးနောက် “အေးစေ”ပေးထားပါသည်။ ရထားပေါ်တက်ရမည့် အမိန့်ရသည်အထိ စောင့်ရမည်ဖြစ်သဖြင့် ဘူတာရုံအပြင်ဘက် ကတ္တရာ လမ်းဘေးနှင့် ရရာနေရာများတွင် အနားယူကြရပါသည်။ ကျွန်တော်တန်းဖြုတ်သည့် နေရာတွင် လှဲအိပ်လိုက်ပါသည်။ လှဲအိပ်လိုက်သည့် နေရာတွင် ကျောက်ခဲများ ရှိနေသဖြင့် အသားနှင့်ထိသည့်နေရာများ စူးရှနာကျင်လျက်ရှိပြီး နွားချေး၊ မြင်းချေးနံ့များ နံစော်လျက်ရှိသော်လည်း မကြာမီတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါသည်။

အချိန်မည်မျှကြာသွားသည်မသိ “ရန်သူ့ လေယာဉ်ပျံလာတယ်။ ရဲဘော်တွေနေရာယူ၊ ဝေးဝေးမသွားနဲ့”ဟု အော်သံကြားသဖြင့် လူးလဲထကာ အခြားရဲဘော်များ ပြေးသည့်ဘက်သို့ လိုက်သွားမိပါသည်။ အကာအကွယ်ကောင်း မရှိပါ။ လမ်းအရှေ့ဘက် မန်ကျည်းပင်များအောက်တွင် ရဲဘော်အချို့ဝပ်နေကြသည်။      ရဲဘော်အချို့ မြောင်းတိမ်တိမ်တွင် မှောက်နေကြသည်။

ဝေးဝေးမသွားရန်အမိန့်ကြောင့် “ဘူတာရုံဗုံးကြဲရင်သေမှာပဲ၊ မထူးတော့ပါဘူး”ဟု စိတ်ပေါက်ပေါက်ဖြင့် မန်ကျည်းပင်အောက်တွင် ငုတ်တုတ် ထိုင်နေလိုက်ပါသည်။

ရန်သူ့လေယာဉ်ပျံများ ခေါင်းပေါ်တွင်ရောက်နေပါပြီ။ မြေပြင်မှ မီးမောင်းများ ထိုးကာ အမြောက်များဖြင့် ပစ်ခတ်လျက် ရှိပါသည်။ လေယာဉ်ပေါ်မှလည်း ဗုံးများ ကြဲချလျက်ရှိရာ ကောင်းကင်မှ တရွှီရွီလေချွန်ပြီး ကျလာသောဗုံးသံများ  အသည်းယားဖွယ် ကောင်းလှပါသည်။   မြေပြင်ပေါ် ကျရောက်ပေါက်ကွဲသော ဗုံးသံများကြောင့် မြေကြီးများ တုန်ခါလျက်ရှိပါသည်။ ဗုံးများ ကျွန်တော်တို့ရှိသည့် နေရာသို့မကျပါ။

ကျွန်တော်တို့အပေါ် တိုက်ရိုက်ကျလာလျှင် နောင်တစ်ခေတ် တပ်မတော်တွင် ကျွန်တော်တို့ ပါလာနိုင်တော့မည် မဟုတ်ပါ။ “အမြောက်ပစ်တာ၊  ဗုံးကြဲတာ  ပျော်စရာကြီး”လို့ပဲအောက်မေ့ရသည်။   အိပ်ချင်ပြေသွားသည်။

လေယာဉ်ပျံများ ပြန်သွားကြပြီးနောက် ရဲဘော်သစ်များ မူလသတ်မှတ်ပေးထားသော နေရာအသီးသီးသို့ ပြန်သွားကြရပါသည်။ ငိုက်မျဉ်းရင်း ရထားပေါ်တက်ရမည့် အမိန့်ကို စောင့်နေကြရပါသည်။ နံနက် ၄  နာရီတွင်မှ ရထားပေါ်တက်ရန် အမိန့်ရပါသည်။ 

တပ်ရင်း(၄)တွင် မှတ်ကျောက်တင်

၁၉၄၃ ခုနှစ် မတ်လ ၁၈ ရက်ညနေ နေဝင်ဖျိုးဖျအချိန်တွင် မန္တလေးမှ ခုတ်မောင်းလာသော မီးရထားကြီးသည် ပျဉ်းမနားဘူတာသို့ ဆိုက်ရောက်လာပါသည်။ မီးရထားကြီးသည် တပ်သားသစ်များကိုပို့သော အထူးစစ်ရထားကြီးဖြစ်ပါသည်။ ရထားပေါ်တွင် မန္တလေးနှင့် စစ်ကိုင်းဘက်မှဗမာ့ကာကွယ်ရေး တပ်မတော်အတွက် စုဆောင်းလာသော တပ်သားသစ်သုံးရာခန့် ပါလာပါသည်။

တပ်သားသစ်များ ရထားပေါ်မှဆင်းကြရသည်။ တန်းစီ လူစစ်ပြီးနောက် ပျဉ်းမနားမြို့အရှေ့ဘက် မြို့အစွန်အဖျားတွင် ရှိသော ဗမာ့ကာကွယ်ရေး တပ်မတော်တပ်ရင်း(၄)သို့ ခြေကျင် ချီတက်ကြရပါသည်။ တပ်ရင်း(၄)သည် ဘူတာရုံမှ တစ်မိုင်ခန့်ဝေးသော ဗိုလ်ကိတ်ခြံတွင် ရှိနေပါသည်။

ဗိုလ်ကိတ်ခြံဆိုသည်မှာ စိုက်ပျိုးရေးကျောင်းတွင် စိုက်ပျိုးရေးပညာကို သင်ကြားပေးသည့်   ဗြိတိသျှစိုက်ပျိုးရေး အရာရှိ မစ္စတာကိတ်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုးကို “ဗိုလ်”ဟုခေါ်သောမြန်မာတို့က မစ္စတာကိတ်ကို ဗိုလ်ကိတ်ဟု ခေါ်ကြသည်။ မစ္စတာကိတ် စိုက်ပျိုးခဲ့သောပဲကို  “ဗိုလ်ကိတ်ပဲ”ဟု ယခုတိုင် အမည်တွင်လျက်ရှိနေသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဖျက်သိမ်းလိုက်သောအခါ အထက်မြန်မာပြည် မန္တလေးရှိ တပ်များသည် ပျဉ်းမနားတွင် စုရုံးကြသည်။ ပျဉ်းမနားတွင် ဗမာ့ကာကွယ်ရေး တပ်မတော်တပ်ရင်း(၁)ကို ဖွဲ့စည်းခဲ့သည်။ တပ်ရင်းမှူးမှာ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးနေဝင်း(ဗိုလ်ချုပ်ကြီးနေဝင်း)ဖြစ်ပါသည်။ တပ်ခွဲမှူးများမှာ ဗိုလ်မိုးညို(ရဲဘော်သုံးကျိပ်ဝင် ကွယ်လွန်)၊ ဗိုလ်ဗလ(ရဲဘော်သုံးကျိပ်ဝင်)၊ ဗိုလ်စောနောင်(ရဲဘော်သုံးကျိပ်ဝင်)၊ ဗိုလ်ရဲထွဋ်(ရဲဘော်သုံးကျိပ်ဝင်)တို့ဖြစ်ကြပါသည်။

တပ်ရေး(Adjutant General)မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်ဖြစ်ပါသည်။

တပ်ရင်း(၁)ကို ဗိုလ်ကိတ်ခြံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ဗိုလ်ကိတ်ခြံသည် တပ်မတော် စတင်ဖွဲ့စည်းသော  ဘူမိနက်သန်မြေဟု ခေါ်ဆိုရပေမည်။ ထိုအချိန်က တပ်ရင်း(၂)နှင့် တပ်ရင်း(၃)တို့ကိုလည်း ဖွဲ့စည်းခဲ့ရာ ဗမာ့ကာကွယ်ရေး တပ်မတော်တွင် တပ်ရင်းသုံးရင်းသာ ရှိခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။