ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၁)

နောက်ထပ်တိုးချဲ့ဖွဲ့စည်းသောတပ်ရင်းနှစ်ရင်းတွင် တပ်ရင်း(၄)သည် ရခိုင်စစ်မျက်နှာသို့ ထွက်ခွာသွားသည့် တပ်ရင်း(၁)နေရာဗိုလ်ကိတ်ခြံတွင် လည်းကောင်း၊ တပ်ရင်း(၅)သည် ပျဉ်းမနားသစ်တောကျောင်းတွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကျွန်တော်သည်   ဘူမိနက်သန်မြေ ဗိုလ်ကိတ်ခြံတွင်ရှိသော တပ်ရင်း(၄)တွင် စတင်စစ်မှုထမ်းရသည့်အတွက် ဂုဏ်ယူမိပါသည်။

ဘူတာရုံမှ ခြေကျင်ချီတက်ခဲ့ကြသော ရဲဘော်သစ်များသည် တပ်ရင်း(၄)သို့ ရောက်ရှိသောအခါ မိုးအတော်ချုပ်နေပါပြီ။ တပ်ရင်းသို့ ရောက်လျှင်ရောက်ချင်း တပ်သားသစ်များကို တပ်ခွဲအသီးသီးသို့ လူခွဲ၍ပို့လိုက်ရာ ကျွန်တော်တပ်ခွဲ(၂)သို့ရောက်ရှိသွားပါသည်။ ကျွန်တော်နှင့်အတူ ရင်းရင်းနှီးနှီးဆို၍ စစ်ကိုင်းအစိုးရအထက်တန်းကျောင်းမှ ကိုသိန်းမောင်(ဗိုလ်ကြီးသိန်းတန်-ကျဆုံး)တစ်ဦးသာပါလာပါသည်။

တပ်ခွဲ(၂)တပ်ခွဲမှူးမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးညိုဖြစ်ပါသည်။ တပ်ခွဲတွင်ရှိသော  အခြားအရာရှိ တစ်ယောက်မှာ ဗိုလ်မွန်သိုက်(သုံးလိုင်း)ဖြစ်ပါသည်။ ဗိုလ်မွန်သိုက်သည် စစ်ချီသီချင်း အဆိုကောင်းသည်။ သူ့ထံမှ ကျွန်တော်တို့ စစ်ချီသီချင်းသင်ကြားရသည်။ တပ်ခွဲအဆောက်အအုံမှာနှစ်ထပ်တိုက်ဖြစ်သည်။ တပ်ရင်းဝင်း အနောက်ခြံစည်းရိုးနှင့်  ကိုက် ၅၀ ခန့်တွင်ရှိနေသည်။

တပ်ခွဲ(၂)၏ အရှေ့ဘက်တွင် တပ်ခွဲ(၅)ရှိသည်။ စက်သေနတ်ကြီးတပ်ခွဲဖြစ်သည်။ တပ်ခွဲမှူးဗိုလ်အုန်းရွှေ(ကျဆုံး) ဖြစ်ပါသည်။

တပ်ခွဲ(၂)၏ တပ်ခွဲ(၅)မြောက်ဘက်တွင် ဘောလုံးကွင်းရှိသည်။ ယင်းဘောလုံးကွင်း တွင်စစ်ရေးပြ လေ့ကျင့်ခြင်းနှင့် စစ်ရေးပြအခမ်းအနားကို ကျင်းပသည်။ ဘောလုံးကွင်း၏ မြောက်ဘက်တွင် တပ်ခွဲ(၁)နှင့် တပ်ခွဲ(၃)ရှိသည်။ တပ်ခွဲ(၁)တပ်ခွဲမှူးမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင်ဖြစ်ပါသည်။

တပ်ခွဲ(၃)တပ်ခွဲမှူးမှာ ဗိုလ်ကျော်ဂေါင် (ဗိုလ်မှူးကြီးသိန်းမောင်၊ အငြိမ်းစားသံအမတ်ကြီး-ကွယ်လွန်) ဖြစ်ပါသည်။

တပ်ခွဲ(၂)၏တောင်ဘက် ငှက်ပျောတောအတွင်းရှိ အဆောက်အအုံတွင် တပ်ခွဲ(၄)ရှိသည်။ တပ်ခွဲမှူးမှာ ဗိုလ်အောင်မင်း(တပ်နီအလံနီ)၊ ဗိုလ်အောင်မင်း(ကျောက်မျက်ကော်ပိုရေးရှင်းတွင် အမှုထမ်းရင်းကွယ်လွန်) ဖြစ်သည်။

တပ်ရေးဗိုလ်ကြီးမှာ ဗိုလ်ကြီးသံဒိုင်ဖြစ်ပါသည်။ တပ်ရေးဗိုလ်ကြီးဆိုသော်လည်း တပ်ရင်းဌာနချုပ်တွင် ငြိမ်ငြိမ်ရုံးမထိုင်ဘဲ တပ်ရင်းအတွင်းနှင့်တပ်ခွဲများသို့ လှည့်လည်သွားလာစစ်ဆေးနေတတ်ပြီး အမြဲတမ်း ဆူပူဆဲဆိုနေတတ်သူ ဖြစ်ပါသည်။ သူ့ဆဲသံကို ကျွန်တော်တို့မကြောက်ပါ။ သူဆဲလျှင် ကျွန်တော်တို့ပျော်ပါသည်။ ထားဝယ်သားဖြစ်သည်။ တပ်မတော်တွင် အဘသံဒိုင် ဟု လူတိုင်းသိကြသည်။

တပ်ရင်းသည် ဖွဲ့စည်းစအချိန်ဖြစ်၍ ဘီအိုင်အေမှပါလာသော  အရာရှိနှင့်အရာခံ၊ အကြပ်များ အနည်းငယ်သာရှိသည်။ အရာရှိအင်အားနည်းပါးသည်။

အရာခံဗိုလ်များနှင့်အကြပ်များက တပ်စုမှူးများအဖြစ် တာဝန်ယူလျက်ရှိကြပါသည်။ ဧပြီလပထမပတ်တွင် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းမှ ပထမအပတ်ကျောင်းဆင်းဗိုလ်များ ရောက်ရှိလာသောအခါမှ အရာရှိအင်အား အသင့်အတင့်ရှိလာခဲ့ပါသည်။ ပထမပတ် ဗိုလ်သင်တန်းကို ၁၉၄၂ ခုနှစ် သြဂုတ်လခန့်တွင် စတင်ပြီး နိုဝင်ဘာလတွင် တပ်ကြပ်သင်တန်းဆင်းသည်။ ဗိုလ်သင်တန်းမှာမူ ၁၉၄၃ ခုနှစ် မတ်လ ၃၁ ရက် ကျောင်းဆင်းသည်။

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းဆင်းဗိုလ်များကို ဗိုလ်လေး ဟုခေါ်ကြသော်လည်း သူတို့သည် သုံးလိုင်းတစ်ပွင့်အဆင့်ကို မရကြသေးပါ။ တစ်လိုင်းသုံးပွင့် အဆင့်တံဆိပ်နှင့် အရာရှိဖြစ်မည့် ကျောင်းဆင်းများသာ တပ်ဆင်ရသော ကြေးကြယ်တံဆိပ်ကို ရာထူးအဆင့်တံဆိပ်ပေါ်မှ အင်္ကျီကော်လာတွင် တပ်ဆင်ထားပါသည်။

အရာရှိဖြစ်မည့်ကျောင်းဆင်းဗိုလ်လောင်းများကိုဂျပန်လို မီနာရိုက်ရှိခန်း ဟုခေါ်ပါသည်။ မီနာရိုက်ရှိခန်းများ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားနေပုံမှာ ကြည့်ကောင်းလှသည်။အားကျမိသည်။

တပ်ရင်း(၄)သို့ ရောက်ရှိလာသည့်ကျောင်းဆင်းဗိုလ်ဆယ်ဦးခန့်အနက်မှ ဗိုလ်လေးဘဦးသည် တပ်ခွဲ(၂)သို့ရောက်ရှိလာပါသည်။ ဗိုလ်လေးဘဦးဆိုသူမှာ အခြားသူမဟုတ်ပါ။ စစ်ပြီးခေတ်ယနေ့တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး   နိုင်ငံတော်ကောင်စီဝင်မှ အငြိမ်းစားယူသွားခဲ့သော ဗိုလ်မှူးကြီးမင်းသိမ်းပင်ဖြစ်ပါသည်။ ဗိုလ်မှူးကြီးမင်းသိမ်းကို ယနေ့တိုင် အဘမင်းသိမ်း ဟု ခေါ်ကြသည်။ ကျွန်တော်ကတော့ ကိုကြီးသိမ်းလို့ပဲ ခေါ်ပါသည်။

အဖနိုင်ငံတော်ကကျွေးတဲ့ ထမင်းတပ်ရင်း(၄)မှ ကျွေးသော ပထမဆုံးထမင်းကိုစားရန် ရဲဘော်သစ်များ ထမင်းစားရုံသို့ အပြေးတက်ဖြင့် သွားရောက်ကြရပါသည်။ ပထမဆုံးကျွေးသော ထမင်းလည်းဖြစ်၊ ရဲဘော်သစ်များအား မိတ်ဆက်ထမင်းလည်းဖြစ်သည်ဟု ဆိုရပါမည်။ ထမင်းစားရုံနှင့် ထမင်းချက်ရုံကို ဘောလုံးကွင်း၏ အရှေ့ဘက်တွင် တောင်နှင့်မြောက်အရှည်လိုက်တန်းလျက် ဆောက်ထားပါသည်။       

ဆက်လက်ဖော်ပြပါမည်။