CPAPD သည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အရပ်ဘက် အဖွဲ့အစည်းတစ်ရပ်ဖြစ် ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၁
တရုတ်ပြည်သူ့ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း CHINESE PEOPLE'S ASSOCIATION FOR PEACE AND DISARMAMENT (CPAPD)၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီထိ ကျင်းပသော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် Video Conferen-cing ဖြင့် တက်ရောက်သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၈၁ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပလျက်ရှိသည်။ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား၂၀၂၂ “ကို ကြီးမှူး၍ ကျင်းပသော CPAPD သည် ၁၉၈၅ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အရပ်ဘက် အဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ခန့် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် သုတေသန အဖွဲ့ပေါင်း ၃၀၀ ကျော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတကာနှင့်ဒေသတွင်း လက်နက်ထိန်းချုပ်ရေး၊ ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့အပေါ် အဓိကထား ဆောင်ရွက်လျက်ရှိသည်။
CPAPD သည် ငြိမ်းချမ်းမှုပြန့်ပွားရေးနှင့် မြှင့်တင်ရေးတို့ကို အလေးထားလျက် ၁၉၈၉ ခုနှစ်မှစတင်၍ “သိပ္ပံနှင့်ငြိမ်းချမ်းရေး နိုင်ငံတကာ သီတင်းပတ်” (၃၃) ကြိမ် ကျင်းပပြုလုပ်ခဲ့မှု အပါအဝင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့နှင့် ပူးတွဲ၍ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား” (၈)ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ၂၀၂၂”အား လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ Video Conferencing ဖြင့် လည်းကောင်း တက်ရောက်နိုင်သည့် ဖက်စပ်စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ Wang Quishan က တက်ရောက်မိန့်ခွန်း ပြောကြားဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံပေါင်းခြောက် နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း အတွင်းရေးမှူးချုပ်တို့က Video Con-ferencing ဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် သံတမန်များက လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး နိုင်ငံအသီးသီးမှ နိုင်ငံရေး အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ ကိုယ်စားလှယ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့သည်။
အခမ်းအနားအား အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကနဦး လုပ်ငန်းအား အရေးယူဆောင်ရွက်ခြင်း”အား ရွေးချယ် အတည်ပြုခဲ့ပြီး မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။