(၁၆)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (16th AMMTC) ကျင်းပ       

 (၁၆)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (16th AMMTC) ကျင်းပ       

နေပြည်တော် စက်တင်ဘာ ၂၁

အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီး အဆင့် အစည်းအဝေး The Sixteenth ASEAN Ministerial Meeting on Transnational Crime - AMMTC) ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆)ကြိမ်မြောက် AMMTC  နှင့် ဆက်စပ် အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ 16th AMMTC  အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ  ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ ဦးဆောင်၍  အဆင့်မြင့်အရာရှိကြီး အဆင့်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEAN-APOL ၊  DGICM  တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး/ရဲချုပ်   ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်ရဲအရာရှိကြီးများက နေပြည်တော်  ရုံးအမှတ်(၈) အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်သည်။

16th AMMTC စုံညီအစည်းအဝေးတွင်   သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး H.E. Samdech Kralahorm Sar Kheng က   အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene  က အာဆီယံဒေသတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့်  ကိုက်ညှိ၍ AMMTC  လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ AMMTC  ယန္တရားအောက်ရှိ   အစည်းအဝေးများ ဖြစ်သော DGICM ၊ SOMTC နှင့်  ASEANAPOLဥက္ကဋ္ဌများက   ၎င်းတို့နှင့် သက်ဆိုင်ရာ အစည်းအဝေးရလဒ်များကို   ဆွေးနွေးတင်ပြခဲ့ကြသည်။ အာဆီယံအဖွဲ့ဝင်  ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်ဝန်ကြီး များက နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ကြိုးပမ်း ဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က  ဆွေးနွေးပြောကြားရာတွင်  အကြမ်းဖက်မှုသည် နိုင်ငံဖြတ်ကျော်သည့်  သဘောသဘာဝ ရှိခြင်းကြောင့်   နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို   တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း၊ လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊  အကြမ်းဖက်သမားများ၊  မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့များကဲ့သို့သော Non-State Actorများအတွက် အထောက်အကူပေးနိုင်ရုံသာမက  လူ့အသိုင်းအဝိုင်းများ၏  လုံခြုံဘေးကင်းမှု အပေါ်တွင်လည်း   ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုနှင့် လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့်   တပေါင်းတည်း တိုက်ဖျက်ရန်  လိုအပ်ကြောင်း၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု၊  လူမှောင်ခိုမှုများတွင် နယ်စပ်ဖြတ်ကျော်ခြင်း (Border Crossing) သည်အဓိကဖြစ်၍ အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအကြား၊ နယ်စပ်ဒေသနေ လူ့အသိုင်းအဝိုင်းများအကြား  ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်မည့် နယ်စပ်ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များအပေါ် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံများအနေဖြင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းအချက် အလက်ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ပြုလုပ်သင့်ကြောင်း၊  အထူးသဖြင့်   အပြည်ပြည်ဆိုင်ရာ   ရဲအဖွဲ့ (INTERPOL)၊    အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်    စွက်ဖက်ခြင်းမျိုး မဟုတ်ဘဲ  မိမိတို့နိုင်ငံအလိုက် ပြဋ္ဌာန်းထားသော ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေး ပြောကြားသည်။

16th AMMTC  စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးမှု တိုက်ဖျက်ရေး    အာဆီယံ ကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များ အတွက်   လုပ်ငန်းလမ်းညွှန် (TOR) နှင့် (၁၆)ကြိမ်မြောက် AMMTCအစည်းအဝေး ပူးတွဲကြေညာချက်    အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ကြပြီး    (၁၆)ကြိမ်မြောက် AMMTC  စုံညီအစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။  အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေးများကို စက်တင်ဘာ ၂၂ ရက်တွင်    ဆက်လက်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း  သိရသည်။