မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးသို့ လည်ပတ်သူများ စဉ်ဆက်မပြတ် လာရောက်လျက်ရှိ

မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးသို့ လည်ပတ်သူများ စဉ်ဆက်မပြတ် လာရောက်လျက်ရှိ

ကချင်ပြည်နယ် မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးနှင့် ကျောက်နဂါး တည်ရှိရာ ကုန်းပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော် လည်ပတ်သူများ စဉ်ဆက်မပြတ် လာရောက်လျက် ရှိကြောင်း သိရသည်။

မချမ်းဘော့မြို့အနီးရှိ ကျောက်နဂါးသည် အလျားပေ ၁၃၀ ခန့်ရှည်လျား၍ လုံးပတ်ခြောက်ပေခန့် မြေပေါ် ပေါ်လျက်ရှိပြီး ယခင်ကကျောကုန်းပေါ်တွင် အရောင်လက်သော လဂျီးကျောက်များ ကြေးခဲကဲ့သို့ ကပ်လျက်ရှိပြီး လာရောက်ကြည့်ရှု လည်ပတ်သူများ ခွာယူခဲ့ကြသည့် အတွက် ယခုမမြင်တွေ့ရခြင်းဖြစ်သည်။

ယခုအချိန်သည် မိုးရာသီကာလဖြစ်သော်လည်း ကျောက်နဂါးသို့ မော်တော်ဆိုင်ကယ်များဖြင့် လည်းကောင်း၊ မော်တော်ယာဉ်များဖြင့် လည်းကောင်း စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိပြီး ဆောင်းရာသီနှင့်    နွေရာသီကာလတို့တွင် လာရောက် လည်ပတ်သူများ ပိုမိုများပြားကြောင်း သိရသည်။

အဆိုပါကျောက်နဂါး ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်ပေါင်းများစွာက  ယခုမချမ်းဘော့ တည်ရှိရာဒေသတွင် ဆင်းရဲစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေထိုင်သည့် အဘွားအိုနှင့်မြေးဖြစ်သူ အမျိုးသမီးငယ်နှစ်ဦးတို့သည်    မလိခမြစ်ကမ်းနံဘေးသို့ သွားရောက်စဉ် မြေးဖြစ်သူ အမျိုးသမီးငယ်အား မြစ်အတွင်းရှိ နဂါးကြီးမှ ဆွဲယူသွားသည်ကို သိရှိသဖြင့် အဘွားအိုမှ ကျိန်ဆဲလိုက်သည့်အခါတွင်  နဂါးကြီးအား မိုးကြိုးသုံးချက်ပစ်ခဲ့ရာ   နဂါးကြီးမှာ မြစ်အတွင်းမှနေ၍ ကုန်းပေါ်သို့ တက်ပြေးပြီး ယခုတည်ရှိရာနေရာ အရောက်တွင် နောက်ဆုံးအချက် ထိမှန်ပြီး သေဆုံးသွားရာမှ နဂါး၏အရိုးစုသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ယခုအချိန်ထိ ဖြစ်တည်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။