မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင် အဆောက်အဦ လုပ်ငန်းများ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြား

မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင် အဆောက်အဦ လုပ်ငန်းများ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြား

နေပြည်တော် စက်တင်ဘာ ၂၁

အကြီးစားပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့်  နိုင်ငံတော် သံဃမဟာနာယက ၄၇  ပါးစုံညီ အစည်းအဝေးကျင်းပမည့် ဝိဇယမင်္ဂလာဓမ္မသဘင် အဆောက်အဦ လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေး စံမီသော  သတ်မှတ်ပစ္စည်းများ သုံးစွဲရေး၊ ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ  အရည်အသွေး ကောင်းမွန်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက  ယနေ့နံနက်ပိုင်းတွင် အဆိုပါလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၌ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တသေဋ္ဌိလ၊ တိုင်းသံဃနာယက ဥက္ကဋ္ဌ ဇောတိကာရုံပါဠိတက္ကသိုလ် ဆရာတော် ဦးသုမင်္ဂလနှင့် ဝင်္ကပါစာသင်တိုက် ဆရာတော် ဦးသြဘာသတို့အား  သွားရောက်ဖူးမြော်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ပဲခူးတိုင်း သာသနာရေးမှူးရုံးခွဲ(ပြည်) အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ လုံခြုံရေးနှင့် သာသနာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

စက်တင်ဘာ ၁၉ ရက်မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး  တိုင်းသာသနာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လုံခြုံရေးနှင့် သာသနာရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။

အဆိုပါခရီးစဉ်အတွင်း  ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ ကျောင်းကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဓမ္မာစာရအား သွားရောက်ဖူးမြော်ပြီး သာမဏေငယ်များပြုစု ပျိုးထောင်ရေးအတွက် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားကာ အလှူငွေများ လှူဒါန်းခြင်း၊ မကွေးမြို့ မြသလွန်စေတီတော်အား   သွားရောက်ဖူးမြော် ကြည်ညိုကာ  စေတီတော်ဘဏ္ဍာထိန်း  ဂေါပကများနှင့် တွေ့ဆုံ၍  ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးပြည်သူများ ဘုရားဖူးနိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် စေတီတော်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် အလှူငွေများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။