ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆၉ ဦးတွေ့ရှိ၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦးရှိ

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆၉ ဦးတွေ့ရှိ၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦးရှိ

နေပြည်တော် စက်တင်ဘာ ၂၁

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း များ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်း များကို  စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင် ရွက်ကြရန်လိုအပ်သည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၀-၉-၂၀၂၂ ရက်   ည ၈ နာရီမှ ၂၁-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၁၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆၉ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၅၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၆၀၀၄၅ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၂၀၀၃၅ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၅၇ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၆၁၀၅ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၅၁ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍   ထိုးနှံပေးလျက်ရှိရာ ၂၀-၉-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက်  လူဦးရေစုစုပေါင်း ၃၀၅၀၅၃၄၄ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေ စုစုပေါင်း ၆၅၆၉၅၉၅ ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၉-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၃၈ ဦးရှိရာ ၎င်းတို့အနက်၉၇ ဦး (၇၀ ရာခိုင်နှုန်း)မှာ ဆီးချို၊  သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါ အခံတစ်ခုခုရှိသူများ ဖြစ်ကြပါသည်။ အဆိုပါကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ အခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများဖြစ်ကြပြီး ၁၈ ဒသမ ၆ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် ၂ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများအတွင်း နာတာရှည်ရောဂါအခံရှိသူများ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို   လေ့လာသုံးသပ်ချက်အရ အဆိုပါ ပုဂ္ဂိုလ်များအနက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို  သိသာစွာလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ  ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည်တို့ ကဲ့သို့သော  နာတာရှည်ရောဂါအခံတစ်ခုခုရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို  စနစ်တကျ တပ်ဆင်ခြင်းတို့အပြင်   နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်   ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။