ငလိုက်စခန်းသာဆင်စခန်း၌  မြန်မာနိုင်ငံတွင်အရှည်ဆုံး တောတွင်းဖြတ်လျှောက်လမ်းတံတားကိုပါ လေ့လာလည်ပတ်နိုင်

ငလိုက်စခန်းသာဆင်စခန်း၌  မြန်မာနိုင်ငံတွင်အရှည်ဆုံး တောတွင်းဖြတ်လျှောက်လမ်းတံတားကိုပါ လေ့လာလည်ပတ်နိုင်

နေပြည်တော် စက်တင်ဘာ ၂၁

ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို လေ့လာလည်ပတ်သူများ အနေဖြင့်  ကျွန်းသစ်လုံးတိုင်ပေါင်း ၉၂၅  တိုင်ဖြင့်တည်ဆောက်ထားသည့် မြန်မာနိုင်ငံတွင်အရှည်ဆုံး တောတွင်း ဖြတ်လျှောက် လမ်းတံတား  (Jungle  Walk)  ကိုပါ လေ့လာလည်ပတ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း နေပြည်တော်သစ်ထုတ်ရေးဒေသမှ သိရသည်။

ယင်းတံတားသည် ၁ မိုင်နီးပါးရှည်လျား၍ မြန်မာနိုင်ငံရှိ  သစ်သားတံတားများတွင် အရှည်ဆုံးဖြစ်ပြီး  လာရောက်အပန်းဖြေလည်ပတ်သူများအနေဖြင့် တံတားတစ်လျှောက်တွင်   သက်ကြီးကျွန်းစိုက်ခင်း၊ အပူပိုင်း ထင်းရှူးစိုက်ခင်း၊    ပိတောက်စိုက်ခင်းများနှင့်အတူ   အထက်ရွက်ပြတ်ရောနှော တောခြောက်အတွင်း ဒေသမျိုးရင်းသစ်ပင်သစ်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်နေမှုများကိုလည်း  တွေ့မြင်ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တံတားအဆုံးတွင် ငလိုက်ဆည်ကန်ရေပြင်နှင့်  သဘာ၀ဝါးရိပ်အလှရှုခင်းများကို အပန်းဖြေ ခံစားကြည့်ရှုရင်း ဆင်သမား ဟင်းလျာများ ဝယ်ယူစားသောက်နိုင်သည့် စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ကျွန်တော်တို့ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းက  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၁၇^ဝ) ဘေး အနောက်ဘက် ၂ ဖာလုံခန့်အကွာမှာ တည်ရှိပါတယ်။  ငလိုက်ကြိုးဝိုင်းအကွက်အမှတ် (၇၈)၊ အကျယ်အဝန်း ၅၇၃ ဧက ကျယ်ဝန်းပြီး ဆင်စားကျက်ဧရိယာ ၂၈၈ ဧက ပါဝင်ပါတယ်။ လာရောက်အနားယူမယ့် ဧည့်သည်တွေအနေနဲ့ ဆင်စခန်းအတွင်း ဆင်စာကျွေးမွေးခြင်း၊ တောတွင်းခရီးတို၊ ခရီးရှည် ဆင်စီးခြင်း၊ ဆင်စာကျွေးမွေးခြင်း၊ ဆင်စာဘူဖေးကျွေးမွေးနိုင်ခြင်းစတာတွေနဲ့ အပန်းဖြေလို့ရပါတယ်။ ရုံးပိတ်ရက်တွေမှာ ဆင်သရုပ်ပြကွက် ပြသတာလည်းရှိပါတယ်။  ဆင်ပြတိုက်တွင်  ဆင်အကြောင်း ဗဟုသုတများ လေ့လာနိုင်ပါတယ်။  စခန်းအတွင်းမှာ သက်ကြီးကျွန်းစိုက်ခင်း၊ ပိတောက် စိုက်ခင်း၊ သစ်မျိုးတစ်ရာစိုက်ခင်းနဲ့ ထင်းရှူးတောစိုက်ခင်းတွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်များအတွက် အပန်းဖြေအနားယူရင်း အစားအသောက်များမှာယူစားသောက် နိုင်အောင်လည်း  စီမံဆောင်ရွက်ထားပါတယ်။ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း-နေပြည်တော် Facebook Pageတွင် အသေးစိတ်လေ့လာနိုင်ပါတယ် ဟု  ငလိုက်စခန်းသာ  ဆင်စခန်း၏ ဒေသတာဝန်ခံ    ဦးကျော်စွာဝင်းက ပြောသည်။

ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ၂၀၁၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ပြီး ၅၇၃ ဧကခန့်ကျယ်ဝန်းကာ လက်ရှိတွင် ဆင်ကောင်ရေ ၂၀ ကို ထိန်းသိမ်းစောင့်ရှောက်မွေးမြူလျက်ရှိကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် မျိုးသုဉ်းမှု အန္တရာယ်နှင့်ရင်ဆိုင်လျက်ရှိသည့်  မြန်မာ့ဆင်ရတနာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကောင်းမွန်ဆန်းသစ်သော ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ရေးနှင့်ဆင်ထိန်းများ၏ လူမှုစီးပွားဘဝတိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့စေမည့်  အစိမ်းရောင်စီးပွားရေးတစ်ခု (Sustainable & Green Economy) ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ဆင်စခန်းများကို  ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အပန်းဖြေစခန်းများအဖြစ် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

သန်းမင်းအောင်