ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sesseraနှင့် အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ICRC အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း ICRC ရုံးခွဲများ ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသားများ အပအဝင် ဝန်ထမ်းများ ခန့်အပ်တာဝန်ပေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း ဒေသခံများအပါအဝင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ယင်းလုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီပေးနိုင်ရေး အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုနှင့့် UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU့) ရေးထိုးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာန အနေဖြင့် ICRC ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့် သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များ ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။