ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသွားမည့် ကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသွားမည့် ကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၂

ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို   နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အစောပိုင်း ခက်ခဲသည့် ကာလများတွင် ကမ္ဘောဒီးယား နိုင်ငံမှ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ Rapid Antigen Test  Kit များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးမှုအတွက်   ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့  အာဆီယံ AHA Center မှတစ်ဆင့်   လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး ပထမအဆင့်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ ယခုအခါ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေး ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းများကို   ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိပါးသည့် လူသားချင်းစာနာမှု အကူအညီများကို   လက်ခံသွားမည့် အစီအစဉ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံသွားမည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြား ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။