ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၃)

အခုတိုင်းပြည်က မိဘကိုယ်စား ထမင်းကျွေးနေလေပြီ။ ထမင်းရှင်ကို ကျေးဇူးဆပ်ရမည်။ တိုင်းပြည်ကို ကျေးဇူးဆပ်ခြင်းသည် မိဘကျေးဇူးကိုဆပ်ရာလည်း ရောက်သည်မဟုတ်ပါလား။

ထမင်းစားတိုင်း တိုင်းပြည်ကကျွေးသော ထမင်းကို အလေးပြုပြီးမှစားရသဖြင့် ထမင်းစားတိုင်း တိုင်းပြည်တာဝန်ကိုကျေပွန်ရမည် ဆိုသော အသိစိတ်ဓာတ်များ ထပ်ကာ တလဲလဲ ကြိမ်ဖန်များစွာ ရရှိလာကြပါသည်။

တိုင်းပြည်ကကျွေးမှသာ ထမင်း၏တန်ဖိုးကို ပို၍ပို၍သိလာကြသည်။ တိုင်းချစ်ပြည်ချစ်စိတ်များ ပို၍ပို၍ ရင့်သန်လာကြပါသည်။  ထမင်းစားရင်း  စည်းကမ်းရှိမှု၊ ယဉ်ကျေးမှု၊ တစ်ကိုယ်ကောင်းစိတ်မထားမှု စသောအလေ့အကျင့်များကို တပ်မတော်ကြီးက သင်ကြားလေ့ကျင့်ပေးလျက်ရှိနေပါသည်။

တပ်ရင်း(၄)တွင် လူအင်အား တစ် ထောင်ကျော်ရှိသည်။ တစ်ထောင်ကျော်သော  အရာရှိစစ်သည်များ  နံနက် ဆန်ပြုတ်၊ နေ့လယ်စာထမင်း၊ ညစာထမင်းစားသောက်ရန်အတွက် တပ်ခွဲတစ်ခွဲလျှင် စစ်သည်ဆယ်ယောက်၊    တပ်ခွဲငါးခွဲစစ်သည် ၅၀ တို့သည်အလှည့်ကျ ထမင်းချက်၊ ထမင်းကျွေးတာဝန်ကို ထမ်းဆောင်ကြရသည်။ ထမင်းချက်ရုံတွင် အမြဲတမ်းတာဝန်ကျနေသော အိုးသူကြီးဆရာနှင့် ရဲဘော်များလည်းရှိကြသည်။ အလှည့်ကျတာဝန်ကျသည့်ရဲဘော်များကို အိုးသူကြီးအဖွဲ့က ကြီးကြပ်ခိုင်းစေကာ တာဝန်များပေးပါသည်။

ထမင်းတစ်နပ်ကျွေးရဖို့အတွက် လုပ် ကိုင်ရသည့်လုပ်ငန်းတာဝန်များ များပြားလှပါသည်။ ဆန်ဆေးသူကဆေး၊ ထင်းခွဲသူကခွဲ၊ ရေခပ်သူကခပ်၊ မီးမွှေးသူကမွှေး၊အမဲသား-ဝက်သား စသော အသားစိမ်းနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းအောင် ရေဆေး၊ ခုတ်ထစ်လှီးဖြတ်စသည့် တာဝန်များကို အသီးသီးခွဲခြားတာဝန်ပေးထားပါသည်။ မိမိတာဝန်ပြီးလျှင် နားမနေရ၊ အခြားမပြီးသေးသောလုပ်ငန်းများကို ကူညီလုပ်ကိုင်ကြရပြီး ထမင်းအချိန်မီကျွေးနိုင်ရေးအတွက်    မနားမနေလုပ်ကိုင်ကြရပါသည်။

ထမင်းချက်ရုံတွင် တာဝန်ကျသည့် ရဲဘော်များသည် ထမင်းချက်ရုံသို့နံနက် နှစ်နာရီအရောက် သတင်းပို့ကြရသည်။

နံနက်စာ ဆန်ပြုတ်သည် နံနက် ငါးနာရီတွင် အဆင်သင့်ဖြစ်ရသည်။ နံနက်စာ ထမင်းသည် နံနက် ကိုးနာရီတွင် အဆင်သင့်ဖြစ်ရသည်။ ညစာထမင်းသည် ညနေလေးနာရီတွင်  အဆင်သင့်ဖြစ်ရသည်။

သို့ဖြစ်၍ နေ့မီး၊ ညမီး ဆက်နေအောင် ချက်ပြုတ်ကြရပါသည်။ ညစာကျွေးပြီးသောအခါ တာဝန်မပြီးသေး၊ ပန်းကန်ခွက်ယောက်များ၊ ထမင်းအိုး၊ ဟင်းအိုးများဆေးကြောပြီး လာရောက်တာဝန်လဲသည်အထိ ဖြစ်ပါသည်။

ထမင်းချက်ရုံတာဝန်ကျရဲဘော်များပင်ပန်းကြပါသည်။ ဧပြီလနေသည် အလွန်ပူပါသည်။ မီးဖိုမီးများကလည်း အလွန်ပူပါသည်။ မီးခိုးခိုးလွန်း၍ မျက်ရည်များကျ သည်။ ရဲဘော်များ အင်္ကျီအဝတ်အစားများမဝတ်နိုင်ကြ၊ ဂျပန်လန်ကွတ်တီဖြင့် သာတစ်နေကုန်    အလုပ်လုပ်ကြရပါသည်။

လူအင်အား တစ်ထောင်ကျော် စားရန်အတွက် ထမင်းကို မိုးပြဲဒယ်ကြီး ဒယ် ၄၀ချက်ရသည်။ မိုးပြဲဒယ်အတွင်း ဆန်မည်မျှထည့်ရမည်၊ ရေမည်မျှထည့်ရမည်ကို ဆရာများနှင့်ရဲဘော်ကြီးများက သင်ကြားပေးပါသည်။ ထမင်းကို ရေခန်းချက်ရသည်။ ထမင်းရည်မငှဲ့ရ၊ ရေခန်းလျှင် ဂုန်နီအိတ်ပါးကို အပေါ်ကအုပ်ပြီး မီးကိုလျှော့ပစ်ရသည်။ ထမင်းနပ်လောက်လျှင် မီးဖိုပေါ်မှချပြီး ထမင်းများကို ထမင်းတောင်းကြီးများအတွင်းသို့ ဂေါ်ပြားကြီးများဖြင့်ကော်၍ ပြောင်းထည့်ရပါသည်။

ဟင်းချက်တာဝန်ကျသူများ ငရုတ်သီးထောင်းရသည်။ ကြက်သွန်သင်ရသည်။ ကန်စွန်းရွက်များမရှည်လွန်း၊ မတိုလွန်း ဖြတ်ရသည်။ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ခရမ်းသီးများ မကြီးလွန်း၊ မသေးလွန်းတုံးတစ်ရသည်။ အမဲသား၊ ဝက်သားများကို ခုတ်ထစ်တုံးတစ်ရသည်။ ဟင်းကို မိုးပြဲ ဒယ် ၂၅ ဒယ်ချက်ရပါသည်။ ထမင်းချက်တာဝန်ကျ ရဲဘော်များ ပင်ပန်းကြသော်လည်း ထမင်းချိုးစားရ၍ ပျော်ကြသည်။ မိုးပြဲဒယ်အတွင်းမှထမင်းများကို တောင်းကြီးများအတွင်းသို့ ပြောင်းထည့်လိုက်လျှင် ဒယ်အိုးတွင် ထမင်းချိုးများကပ်ကျန်ခဲ့ပါသည်။ ဒယ်အိုးကို မီးဖိုပေါ်ပြန်တင်ကာ ဆီအနည်းငယ်လောင်းထည့်လိုက်လျှင် မကြာမီ တဖျစ်ဖျစ်မြည် လာပြီး အလွန်အရသာရှိ၍ စားကောင်းသော ထမင်းချိုးကြော်များဖြစ်လာပါသည်။

ထမင်းချိုးကြော်များကို ဒယ်အိုးမှခွာပြီး ဇလုံကြီးများတွင်  ထည့်ထားလိုက်ကြပါသည်။ ထမင်းချက်ရုံတာဝန်ကျရဲဘော်များကြိုက်သလောက်ယူစားနိုင်ပါသည်။ ထမင်းချိုးကြော်နှင့် ကြက်သွန်နီအလုံးလိုက်ကိုက်စားရသည်မှာ အလွန်အရသာရှိလှပါသည်။

ထမင်းချက်ရုံအတွက် ရေလှည်းတစ်စီးပေးထားသည်။ နွားလှည်းပေါ်တွင် ရေစည်တင်ထားခြင်းဖြစ်ပါသည်။ တပ်ရင်းဝင်းအတွင်း ရေတွင်းများရှိသော်လည်း လူအင်အားနှစ်ထောင်နီးပါး သုံးကြ၊ ချိုးကြနှင့် အချို့ရေတွင်းများ ခန်းခြောက်ကုန်သည်။

အချို့ရေတွင်းများ၌ သောက်သုံးရန်မသင့်သော အဝါရောင်ရေများသာရှိနေသည်။

သို့ဖြစ်၍  ရေကောင်းရေသန့်ရှိသော ဘုန်းကြီးကျောင်းများနှင့်  မြို့တွင်းများသို့သွားရောက်ရေခပ်ကြရသည်။ ထမင်းချက်ရုံတွင်ရေအသုံးများသည်။ ရေလှည်းမှာ မနားရ၊ ကူသယ်ခေါက်သယ် သယ်နေရသည်။ ခေါက်ရေများလာသည့်အခါ နွားများမတတ်နိုင်တော့ပါ။  ခွေယိုင်လာပါသည်။   

 ဆက်လက်ဖော်ပြပါမည်။