မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ယနေ့ ကမ္ဘာပေါ်တွင် အရေးပါသော ဒေသဖြစ်သည့် အာရှ-ပစိဖိတ်ဒေသကို ထိန်းချုပ်ရာတွင် မဟာဗျူဟာအရ ဆက်စပ်အရေးပါသော နေရာတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားကြီးနိုင်ငံများ၏ စိတ်ဝင်စားမှု မြင့်တက်လာပြီး ဒေသတွင်းသို့ ဝင်ရောက်လာခြင်း၊ ရေပေါ်ရေအောက်သယံဇာတ ကြွယ်ဝ၍ ရေကြောင်းအကျိုးစီးပွား များပြားခြင်းတို့ကြောင့် မြန်မာ့တပ်မတော် (ရေ)၏ ပင်လယ်ရေပိုင်နက် ကာကွယ်ရေးသည် လွန်စွာအရေးပါသော အနေအထားသို့ ရောက်ရှိလာသည်။
အထူးသဖြင့် ဖြစ်လာနိုင်ဖွယ်ရှိသော ရန်ပြုမှုများကို ရင်ဆိုင်ကာကွယ်ရန် တပ်မတော်(ရေ)ကို ဝေဟင်ရန်စစ်ဆင်မှု၊ ရေပြင်ရန်စစ်ဆင်မှု၊ ရေအောက်ရန်စစ်ဆင်မှု၊ အီလက်ထရွန်နစ် စစ်ဆင်မှုနယ်ပယ်များတွင် အမြဲအသင့်ဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် မြစ်ချောင်းနှင့် ကျွန်းပေါင်း များစွာရှိပြီး ကမ်းရိုးတန်းအရှည်သည် ရေမိုင် ၁၃၀၀ ခန့်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရေပြင်သည် ၁၄၄၀၀၀ စတုရန်းမိုင်ကျော်ခန့်ရှိပြီး ကျယ်ပြောသည့် ရေပြင်နယ်နိမိတ်ကို ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်သည်။ ဤမျှကျယ်ပြောသည့် ရေပြင်နယ်နိမိတ်ကို ကာကွယ်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ်များ သာမက ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်များ ပါဝင်မှသာလျှင် ပိုမိုပြည့်စုံမည် ဖြစ်သည်။
နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ ရေတပ်စွမ်းအား မြင့်မားရေးကို လုပ်ဆောင်လျက်ရှိသည်။ ယနေ့ခေတ်တွင် စွမ်းရည်မြင့်မားသည့် ရေတပ်ဖြစ်စေရန်မှာ စွမ်းအားရှိသည့် စစ်ရေယာဉ်များ ပိုင်ဆိုင်ရန်လိုအပ်သည်။ ထိုပိုင်ဆိုင်မှုတွင် ရေငုပ်သင်္ဘောလည်း ပါဝင်ပါသည်။
တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွဲ့စည်း တည်ဆောက်ခဲ့သည်။ တပ်မတော်(ရေ)ကို အခြားသော ရေတပ်များနှင့်နှိုင်းယှဉ်နိုင်သည့် စွမ်းအားမြင့်ရေတပ်အဖြစ် လုပ်ဆောင်ခဲ့ရာ ၁၉၉၀ ပြည့်နှစ်ကျော် ကာလများတွင် ရောက်ရှိခဲ့သည်။ ယခုထက်ပိုမိုခေတ်မီသည့် ရေတပ်ဖွဲ့ဖြစ်နိုင်ရေးအတွက် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရမည်ဖြစ်ပေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ရေငုပ်သင်္ဘောရရှိရေး ကြံစည်၊ စိတ်ကူး၊ ကြိုးစားခဲ့သည်။ အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစားခဲ့ရာ ယနေ့အချိန်အခါတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပေသည်။
ထိုရေငုပ်သင်္ဘောစစ်ရေယာဉ်ကို ရဲဝံ့စွန့်စားစွာနှင့် ရေကြောင်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ရန်အတွက် မင်းရဲသိင်္ခသူဟူ၍ အမည်ပေးထားသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်တွင် မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ) တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်မှု ဆောင်ရွက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက စစ်ရေယာဉ်-မုတ္တမပေါ် မှတစ်ဆင့် လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူနှင့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုကြသည်။ အောက်တိုဘာ ၁၅ ရက်သည် တပ်မတော်(ရေ) အတွက် သမိုင်းဝင်မော်ကွန်းတင်သည့် နေ့တစ်နေ့ဖြစ်ခဲ့လေပြီ။ တပ်မတော်(ရေ)၏ မျှော်မှန်းချက်ဖြစ်သည့် ရေပြာရေတပ်(Blue Water Navy)အဆင့်အတွက် ခြေလှမ်းသစ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
နိုင်ငံတိုင်းတွင် ရေတပ်၏စွမ်းပကားကို စစ်ရေယာဉ်များဖြင့်သာတိုင်းတာလျက်ရှိကြရာ တပ်မတော်(ရေ)၏ စွမ်းပကား သည်လည်း တိုက်ပွဲစွမ်းအားကို ဖော်ဆောင်နိုင်ပြီး ရေပြင်တွင် အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်သည့် စစ်ရေယာဉ်များအဖြစ် ရောက်ရှိလာတော့မည် ဖြစ်မှာ အမှန်ပင်ဖြစ်ပေသည်။ အချုပ်အားဖြင့် ဆိုရသော် တပ်မတော်(ရေ)သည် မြန်မာ့ရေပြင်ပိုင်နက်ကို အင်အားတောင့်တင်းစွာ ကာကွယ်စောင့်ရှောက်ရေးအတွက် ဂုဏ်ယူဖွယ် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်ကို အင်အားတောင့်တင်းစွာ ကာကွယ်စောင့်ရှောက်နိုင်မှသာ ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်း၊ ကမ်းလွန်ရေနံတွင်းတူးဖော်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ကမ်းခြေနှင့်ပင်လယ်ပြင် ခရီးသွားလုပ်ငန်း စသော အကျိုးစီးပွားများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။ ထို့ပြင် မြန်မာ့ပင်လယ်ပြင်အတွင်း ကျူးကျော်ဝင်ရောက်လာနိုင်သည့် ရေပြင်၊ ဝေဟင်နှင့် ရေအောက်ရန်တို့ကို ထိထိရောက်ရောက် ကာကွယ်ဟန့်တားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှတွင် ရှည်လျားသော ကမ်းရိုးတန်းပိုင်ဆိုင်သော နိုင်ငံဖြစ်သည်နှင့်အညီ တပ်မတော်(ရေ)ကို ခေတ်မီတိုးတက်ပြီး တိုက်စွမ်းအားမြင့်မားသော ရေတပ်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်ပေရာ ယနေ့သည် တပ်မတော်(ရေ)အတွက် ထူးခြားလေးနက်သော နေ့တစ်နေ့အဖြစ် ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။