ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၄)

နွားစာကောင်းကောင်း မစားရဟု ထင်သည်။ ထိုအခါ နွားနေရာတွင် လူက ဝင်ထမ်းကြရသည်။ ဤကဲ့သို့ တာဝန်မျိုးကြုံလာသောအခါ ဆရာများနှင့် ရဲဘော်များက”မင်းကဗလတောင့်တယ်”ဟု ကျွန်တော့်ကိုသာ ခိုင်းလေ့ရှိသဖြင့် ကျွန်တော်ပဲနွားနေရာတွင် နွားအစား ရေလှည်းဆွဲရတာများပါသည်။ ကျွန်တော်ကလည်း ဗလအားကိုး၊ အင်နှင့်အားနှင့် လုပ်ရမည့်အလုပ်ဆိုလျှင်   မခိုင်းရဘဲနှင့် စိတ်ဝေဒနာအလျောက် ဝင်လုပ်လေ့ရှိတတ်ပါသည်။

ရေတာဝန်ကျလျှင် ထမင်းချက်ရုံသာမက တပ်ခွဲများသို့လည်း သောက်ရေသုံးရေများ ဖြည့်တင်းပေးကြရသည်။

တပ်ရင်းသို့ရောက်ပြီး နောက်တစ်ရက်တွင် ရဲဘော်သစ်များ ဆေးစစ်ခံကြရပြန်ပါသည်။ ပျဉ်းမနားတွင် စစ်ဆေးရုံရှိသည်။

စစ်ဆေးရုံမှာ တပ်ရင်း(၅)ရှိရာ သစ်တောကျောင်း အတွင်းတွင် ရှိပါသည်။ ဆေးရုံအုပ် ဆရာဝန်ကြီးမှာ ဆရာဒွေးကြီးဟု နာမည်ကြီးနေသော ဗိုလ်ကြီးဒွေးဖြစ်ပါသည်။ ဗိုလ်ကြီးဒွေးသည် ယနေ့ဗမာ့တပ်မတော်မှ အငြိမ်းစားယူသွားသော ဒုတိယဗိုလ်မှူးကြီး မင်းဟန်ပင်ဖြစ်ပါသည်။

ရဲဘော်သစ်များသည် တပ်မတော်သို့ ဝင်ရောက်ခွင့်ရရန်အတွက် ကျန်းမာရေး စစ်ဆေးပြီးဖြစ်သော်လည်း ပိုမိုသေချာအောင် ထပ်မံစစ်ဆေးခြင်းဖြစ်ပါသည်။ ရဲဘော်သစ်သုံးလေးရာခန့်ကို အသေးစိတ်စစ်ဆေးခြင်းဖြစ်ရာ တပ်ရင်း(၄)မှ ရဲဘော်သစ်များကို နံနက်မိုးလင်းချိန်မှ စတင်စစ်ဆေးရာ မိုးချုပ်မှတပ်ရင်းသို့ပြန်ကြရပါသည်။ ဆေးမအောင်သူများ ရှိကြသည်။ ၎င်းတို့သည် တပ်မတော်သို့ဝင်ခွင့်မရကြပါ။ တပ်မတော်တွင် ကျန်းမာရေးနှင့်ပြည့်စုံသူ၊ အနာရောဂါ ကင်းသူများသာ စစ်မှုထမ်းနိုင်ပါသည်။

တပ်မတော်သားတို့သည် ပန်းခင်းသောလမ်းကို လျှောက်ကြရမည်မဟုတ်။ ငှက်တော၊ခွေးတော၊ တောထဲတောင်ထဲ အကြမ်းပတမ်း ခရီးလမ်းကိုလျှောက်ကြရမည် မဟုတ်ပါလား။

မတ်လ ၂၁ ရက်သည် ကျွန်တော်တို့ ဆံကေသာပယ်ရသောနေ့ ဖြစ်ပါသည်။

“ရဲဘော်သစ်တွေ ခေါင်းတုံးရိတ်ရမယ်”ဟု အမိန့်ရသဖြင့် ရဲဘော်သစ်များ တန်းစီထိုင်ပြီး စောင့်နေကြရသည်။ သင်တုန်းဓား သုံး၊ လေးလက်ဖြင့် ရဲဘော်ကြီးများက ရိတ်ပေးပါသည်။ ရိတ်ရသည့်ဦးရေများလာသည်နှင့်အမျှ သင်တုန်းဓားက တုံးလာသည်။ ကျွန်တော့်အလှည့်တွင် ဓားတုံးသဖြင့် မျက်ရည်ကျလောက်အောင် နာလှပါသည်။ ဦးရေခွံကို လေး၊ ငါးချက်ခန့်လှီးမိပါသည်။ ဓားပြတ်သွားသော အရေခွံကိုရိတ်ပြီး ဆံပင်များဖြင့် ဖုံး၍ ဆက်ရိတ်ပါသည်။ ခေါင်းတုံးရိတ်ခြင်းသည် သျှောင်တစ်လုံး အဆုံးခံရခြင်းဖြစ်၍ စွန့်လွှတ်ခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ သို့သော်တစ်ခေါင်းလုံး ပြောင်သွားသောအခါ လွတ်လပ်သော အရသာတစ်ခုကို ခံစားရသည်။ ကိုယ်တွင်းအပူများ ခေါင်းတုံးပြောင်မှ တရှိန်ရှိန် ထွက်နေသဖြင့် နေလို့ကောင်းသည်။ ဆံပင်မရှိတော့၍  ခေါင်းဖြီးရန် မလိုတော့ပါ။

ခေါင်းလိမ်းဆီအတွက်  မပူရတော့ပါ။ ကေသာကိုသ၍ ရှိုးလုပ်ရန် မလိုတော့ပါ။

မတ်လ ၂၈ ရက်၌ ရဲဘော်သစ်များကို မုန့်ဖိုး သုံးဒေါ်လာ ထုတ်ပေးပါသည်။ သုံးဒေါ်လာဆိုသည်မှာ ဂျပန်ခေတ် ဂျပန်ဒေါ်လာဖြစ်ပြီး မြန်မာငွေသုံးကျပ်ဖြစ်ပါသည်။   “ဒါ မင်းတို့ကို မုန့်ဖိုးပေးတာ၊ လခပေးတာ မဟုတ်ဘူး၊ ကြေးစားတပ်မဟုတ်ဘူး၊ တပ်မတော်သားဆိုတာ လခ မစားရဘူး၊ တိုင်းပြည်ကပေးတဲ့ မုန့်ဖိုးကိုပဲယူရတယ်” ဟု ထုတ်ပေးသော ဆရာများက ပြောပါသည်။ ကျွန်တော်ရသော သုံးဒေါ်လာမှ ယခင်နေ့များက ထုတ်ပေးသော လီးဇာတ် စီးကရက်သုံးဘူးအတွက် ဆင့်သုံးဆယ်ဖြတ်ပါသည်။ နောက်ထပ်ဟိုဟာအတွက် ဒီဟာအတွက်ဟုဆိုကာ တစ်ခုချင်း အကြောင်းပြ ဖြတ်တောက်သွားရာ လက်ထဲတွင် တစ်ဆင့်မှပင် မကျန်တော့ပါ။ ဧပြီလ ၂၆ ရက်တွင် တစ်လအတွက်မုန့်ဖိုးငွေ ခုနစ်ဒေါ်လာအထိရရှိပါသည်။ ဖြတ်စရာရှိသည်များကို ဖြတ်ပြီးနောက် လက်ထဲတွင် သုံးဒေါ်လာလောက်တော့ ကျန်ပါသည်။

မတ်လ ၃၀ ရက်တွင် စစ်ဝတ်စုံများထုတ်ပေးပါသည်။

စစ်ဝတ်စုံအင်္ကျီနှစ်ထည်၊ ဘောင်းဘီနှစ်ထည်၊ ဦးထုပ်တစ်လုံး၊ စစ်ဖိနပ်တစ်ရန်စီ ရကြသည်။ ဖိနပ်ထုတ်ပေးသော်လည်း ခြေအိတ်မပါပါ။ စစ်ဝတ်စုံများမှာ မုဒုံ၊ သို့မဟုတ် မုံရွာချည်ကြမ်းထည်များဖြင့် ချုပ်ထားပါသည်။ အသစ်စက်စက် မဟုတ်ပါ။

ဟောင်းနွမ်းကြေမွနေပါသည်။ အဟောင်းများဖြစ်သော်လည်း  စစ်ဝတ်စုံရ၍ သိပ်ပျော်ပါသည်။ ချက်ချင်း ဝတ်လိုက်ပါသည်။

ပုံပန်းသိပ်မကျပါ။ သို့သော် စစ်ဝတ်စုံဝတ်ပြီး “ငါစစ်သားကြီးဖြစ်ပြီ”ဟုကျေနပ်မိသည်။ ခေါင်းတုံးလည်းတုံးပြီးပြီ၊ စစ်ဝတ်စုံလည်း ဝတ်ရပြီ၊  ဗမာ့တပ်မတော်သား အင်္ဂါစုံပါပြီ၊ စစ်ပညာတတ်ဖို့ပဲ လိုပါသည်။

ကျွန်တော်စစ်ဝတ်စုံ ဝတ်ဆင်ပြီး ရင်ကော့ကာ အခြားတပ်ခွဲများရှိ ရဲဘော်များထံသို့ လျှောက်သွားနေမိသည်။ စစ်ဝတ်စုံဝတ်ပြီး စစ်သားကြီးစတိုင် လုပ်နေသော်လည်း မကြာမီ ယားယံလာပါသည်။ စစ်ဝတ်စုံတွင် သန်းပါလာသည် ထင်ပါသည်။ သို့သော် ဝတ်ထားသောဝတ်စုံကို မချွတ်တော့ပါ။

စစ်ဝတ်စုံနဲ့ပဲအိပ်ပါသည်။ စစ်သားဆိုတာ အရပ်ဝတ်မဝတ်ရဟု  စိတ်ထဲတွင် စွဲစွဲမြဲမြဲမှတ်ထားခဲ့မိသည်။   ဂျပန်ခေတ် ဗမာ့တပ်မတော်တွင်  ကျွန်တော်သည် အရပ်ဝတ် တစ်ခါမှ မဝတ်ခဲ့ဖူးပါ။ စစ်ဝတ်စုံဝတ်ပြီးနောက် ကျွန်တော့်တွင် အရပ်ဝတ်ဝတ်ရန်လည်း မရှိတော့ပါ။ ရဲဘော်ကြီးများနှင့် ဆရာများက “ဘီအိုင်အေတပ်” လိုက်ပြီးနောက် ကျွန်တော့်တွင် အရပ်ဝတ်ဝတ်ရန်လည်း မရှိတော့ပါ။ ရဲဘော်ကြီးများနှင့် ဆရာများက“ဘီအိုင်အေတပ်”သွားပြီဖြစ်ပါသည်။ (ပိုင်ရှင်သဘောတူတူ မတူတူ ပစ္စည်းကိုယူသွားလျှင် “ဘီအိုင်အေတပ်သည်” ဟုခေါ်ကြပါသည်။)

၁၉၄၃ ခုနှစ် ဧပြီ ၁ ရက် နံနက်တန်းစီရာတွင် တပ်ရင်းတစ်ရင်းလုံး တန်းစီရပါသည်။ တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ တပ်သားသစ်အားလုံး (တာဝန်မှအပ) တက်ရောက်ကြရာ ဘောလုံးကွင်း တစ်ကွင်းလုံးပြည့်သွားပါသည်။

တပ်ခွဲအလိုက် တန်းစီပြီးနောက် တပ်ရင်းမှူး ရောက်ရှိလာပါသည်။ တပ်ရင်းမှူးဦးဆောင်၍ နိုင်ငံတော်အား သစ္စာအဓိဋ္ဌာန် ငါးချက်ကို ရွတ်ဆိုကြရပါသည်။

ဆက်လက်ဖော်ပြပါမည်။