ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၅)

သစ္စာအဓိဋ္ဌာန်ငါးချက်

၁။      တပ်မတော်သားသည် သစ္စာရှိစွာဖြင့် အထက်မှပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်။

၂။       တပ်မတော်သားသည် တိုင်းသူပြည်သားများအပေါ် ယဉ်ကျေး        သိမ်မွေ့စွာဆက်ဆံရမည်။

၃။      တပ်မတော်သားသည် သူရ          သတ္တိပြောင်မြောက်စွာဖြင့်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရမည်။

၄။      တပ်မတော်သားသည်ယုံကြည်မှုအပြည့်အဝဖြင့် တိုင်းပြည်အုပ်ချုပ်မှုအပေါ် သစ္စာရှိရမည်။    

၅။      တပ်မတော်သားသည် ရိုးသား တည်ကြည်ဖြောင့်မတ်သော စိတ်ထားဖြင့် ကျင့်ကြံနေထိုင်          ရမည်။

ကျွန်တော်တို့  ရွတ်ဆိုရသော သစ္စာအဓိဋ္ဌာန်ငါးချက်သည်   ဂျပန်တပ်မတော်သားများ ရွတ်ဆိုရသော သစ္စာအဓိဋ္ဌာန် အတိုင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ နံနက်တန်းစီချိန်နှင့်  ညနေတန်းစီချိန်တိုင်း ရွတ်ဆိုကြရပါသည်။

တပ်သားသစ်များ တပ်ရင်း(၄)သို့ရောက်ပြီး  နောက်နှစ်ရက်တွင် သင်တန်းစတင်ပါသည်။ အခြေခံစစ်ရေးပြ လေ့ကျင့်ခြင်းကို ဘောလုံးကွင်းအတွင်း  ပြုလုပ်ရပါသည်။

စစ်ဝတ်စုံမရမီက တပ်သားသစ်များ အရပ်ဝတ်များဖြင့် ပြုလုပ်ရသော်လည်း စစ်ဝတ်စုံရပြီးသောအခါ စစ်ဝတ်စုံဖြင့် လေ့ကျင့်ခန်းဆင်းရပါသည်။ တပ်ရင်းဘောလုံးကွင်းမှာ ကွင်းပြင်ကျယ်ကြီးဖြစ်၍ လုံခြုံမှုမရှိပါ။ ရန်သူ့လေယာဉ်ပျံများ  မကြာခဏ  လာရောက်ဗုံးကြဲ၊ စက်သေနတ်ပစ်နေသဖြင့် အနီးအနားရှိ ဝေပုလ္လဘုန်းကြီးကျောင်း၊ ဝေဠုဝန်ဘုန်းကြီးကျောင်းများနှင့် ရွာနီးချုပ်စပ်တွင်ရှိသော တောအုပ်များ၊သစ်ပင် အကာအကွယ်ကောင်းသော နေရာများသို့   သွားရောက်လေ့ကျင့်ကြရသည်။  မတ်လ ၃၁ ရက်တွင် ရန်သူ့လေယာဉ်များ တပ်ရင်း(၅) ရှိရာ သစ်တောကျောင်းနှင့် မြို့တွင်းသို့ လာရောက်ဗုံးကြဲနေသဖြင့် သင်တန်းကို မွန်းတည့် ၁၂ နာရီမှာရပ်နားထားရပါသည်။ ရန်သူလေယာဉ်များပြန်သွားမှ တပ်ရင်း(၄)မှ ရဲဘော်များ ဗုံးချထားသည့်နေရာများသို့ အကူအညီပေးရန်သွားရောက်ကြရသည်။ မြို့တွင်းတွင် အသေအပျောက် များပြားလှသည်။

အဆောက်အအုံများ မီးလောင်လျက်ရှိသည်။ အသေအပျောက်များကို ရှင်းလင်းခြင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ခြင်း၊ မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ကြရပါသည်။

အင်္ဂလိပ်တွေသတ်၍ မြန်မာတစ်ပြည်လုံးအနှံ့တွင် ပြည်သူတို့သေကြရပါသည်။ ကျွန်တော်တို့ မင်္ဂလာဒုံဗိုလ်သင်တန်းတက်ရောက်စဉ် တပ်ရင်း(၄) စစ်ရေးပြကွင်းအတွင်း တပ်ရင်းတစ်ရင်းလုံးတန်းစီနေခိုက် ရန်သူ့လေယာဉ်များလာရောက်ပစ်ခတ်သဖြင့် ရဲဘော်အများအပြား ကျဆုံးကြရသည်ဟု  ကြားသိရပါသည်။

လေယာဉ်များလာရောက်စဉ် တပ်ရင်းကို သတိအနေအထားဖြင့် မလှုပ်ရန် အမိန့်ပေးထားသဖြင့် အကျအဆုံးများရခြင်း ဖြစ်သည်ဟုလည်း ကြားသိရပါသည်။ အင်္ဂလိပ်တွေသတ်၍ ဗမာ့တပ်မတော်သားတွ ေသေကြရသည်။

သင်တန်းအတွင်း ကျန်းမာရေးလေ့ကျင့်ခန်းကို နံနက် ၅ နာရီတွင် တစ်ကြိမ်၊ ညနေ၄ နာရီတွင်တစ်ကြိမ် ပြုလုပ်ရပါသည်။ နံနက်ကျန်းမာရေးလေ့ကျင့်ချိန်တွင် ရှမ်းကန်အထိပြေးပြီး ကန်ကိုပတ်၍ပြေးရသည် လည်းရှိသည်။ တပ်ရင်း(၅) အထိပြေးရသည်လည်းရှိပါသည်။ တစ်နေ့တွင် အနည်းဆုံး ၃မိုင်မှ ၅မိုင်အထိ ပြေးကြရသည်လည်းရှိပါသည်။ ပြေးရင်း စစ်သီချင်းဆိုရသည်မှာ အမောဆို့စရာကောင်းလှပါသည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းက ပြေးခုန်ပစ်အားကစားကို လေ့ကျင့်ခဲ့သဖြင့် အမောဆို့ပြီး လဲကျန်ရစ်ခဲ့သည်မရှိပါ။ ညနေပိုင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ဘောလုံးကစားခြင်း၊ ပြေးခုန်ပစ် စသော အပြိုင်အဆိုင်ပွဲများ ပြုလုပ်ကြရသည်။

နံနက်ကျန်းမာရေးလေ့ကျင့်ပြီးနောက် ဆန်ပြုတ်သောက်ရသည်။

နံနက် ၈ နာရီ၌ စစ်ရေးပြလေ့ကျင့်ပြီး တစ်ဦးချင်းတိုက်ပွဲသင်ခန်းစာများကို လက်တွေ့လေ့ကျင့်ကြရပါသည်။ လက်နက်ငယ်သင်ခန်းစာများ၊ ကင်းစောင့်ခြင်း၊ တိုက်ကင်းထွက်ခြင်းနှင့် အခြားစစ်သင်ခန်းစာများကို ဘုန်းကြီးကျောင်းများအတွင်းနှင့် တပ်ရင်းဝင်းအနီးအနားတွင် လေ့ကျင့်ကြရပါသည်။ မတ်လနှင့်ဧပြီလ၏ ပူပြင်းသောနေရောင်အောက်တွင်  သင်တန်းဆင်းရသည်မှာ အလွန်ပင်ပန်းကြပါသည်။

သင်တန်းအတွင်း နံနက်၁ နာရီခန့်နှင့် ညနေ ၁ နာရီခန့်သာ ကိုယ်ပိုင်အချိန်ရှိပါသည်။ သင်တန်းဆင်းနေရသော်လည်း ထမင်းချက်တာဝန်၊ ရေတာဝန်၊ အလံစောင့်တာဝန်၊ လေယာဉ်စောင့်တာဝန်၊ အိပ်ဖန်စောင့်တာဝန်များကိုလည်းအလှည့်ကျဝင်ကြပါသည်။

သင်တန်းစ၍မကြာမီ ဧပြီ ၁ ရက် နံနက်တန်းစီသောအခါ ကျွန်တော်တို့တပ်စုမှ ရဲဘော်သစ်အချို့ ပျောက်နေသည်။ ကျွန်တော့်ဘေးတွင်အိပ်သောသစ်ကြီးနှင့် ချိန်မောင်းတို့လည်း ညက လစ်သွားကြပါသည်။ ကျွန်တော်ဝမ်းသာပါသည်။ ပင်ပန်းဆင်းရဲမှုကို မခံနိုင်သူ၊ တိုင်းချစ်ပြည်ချစ်စိတ်မရှိဘဲ စိတ်ဓာတ်ညံ့ဖျင်းသူများ စောစောသွားကြတာပဲကောင်းပါသည်။ မှတ်ကျောက်အတင်ခံနိုင်သူများဖြင့် ဖွဲ့စည်းမှ အရည်အချင်းနှင့်ပြည့်ဝသော တပ်မတော်ကြီး ဖြစ်လာပေလိမ့်မည်။

     ဆက်လက်ဖော်ပြပါမည်။