ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၆)

ပင်ပင်ပန်းပန်းလုပ်ကိုင်နေကြရသော ရဲဘော်များ အပန်းပြေစေရန်အတွက် တစ်လတွင် ရုပ်ရှင်နှစ်ခါလောက်ပြသပေး ပါသည်။ ပျော်ပွဲရွှင်ပွဲအနေဖြင့် အားကစားပြိုင်ပွဲများလည်း  ကျင်းပပေးပါသည်။

ငယ်စဉ်ကတည်းက အားကစားနှင့်မကင်းကွာခဲ့သော ကျွန်တော်သည် အားကစားပြိုင်ပွဲအတော်များများတွင် အနိုင်ရရှိသဖြင့် တပ်ခွဲအရာရှိများ၊ ဆရာများ၊ ရဲဘော်ကြီးများက ချီးကျူးကြသည်။ ကျွန်တော်ကလည်း ကြွားဝါလိုသဖြင့် စစ်ကိုင်းအစိုးရအထက်တန်းကျောင်းအားကစားပြိုင်ပွဲများတွင် ရရှိသည့် ဆုတံဆိပ်(Medal)များကို ထုတ်ပြမိပါသည်။ Medal များမှာ သက်လတ်တန်း(Junior)ဘောလုံးပွဲတွင် ဗိုလ်စွဲခဲ့သောတံဆိပ်များ၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရရှိခဲ့သော  ဆုတံဆိပ်များဖြစ်ပါသည်။

ကျွန်တော့် နြိေူ များကိုမြင်သောအခါ ဆရာများနှင့်ရဲဘော်ကြီးများက ဒီတံဆိပ်တွေကို မင်း ဝမ်းစတားရမှတပ်ကွ၊ အခု ငါတို့တပ်မယ် ဟုပြောကာ  အသီးသီး ဘီအိုင်အေတပ် သွားကြပါတော့သည်။

ဘီအိုင်အေတပ်သည် ဆိုသည်မှာ ဘီအိုင်အေခေတ်က ဘီအိုင်အေတပ်များသည် အိမ်၊ ကားနှင့်ပစ္စည်းများကို လိုအပ်၍လည်းကောင်း၊ လိုချင်၍လည်းကောင်း သိမ်းယူလျှင် ဘီအိုင်အေတပ်သည် ဟုပြောလေ့ရှိကြသည်။ ဘီအိုင်အေတပ်ပြီးသောပစ္စည်း ပိုင်ရှင်ပြန်မရတော့ပါ၊  အားကစားမှ ရသောတံဆိပ်များဖြစ်၍ နှမြောမိပါသည်။     ဘီအိုင်အေခေတ်ကိုမီသော ကျွန်တော်တို့  ရဲဘော်အချင်းချင်းပစ္စည်းတစ်ခုကို လိုချင်လျှင် ဘီအိုင်အေတပ်လိုက်မယ် ဟု  ပြောလေ့ပြောဆဲပင်ရှိနေပါသည်။

ရဲဘော်များအပန်းဖြေရန် တစ်ခုရှိပါသေးသည်။ ကျွန်တော်တို့တပ်ခွဲ(၂)၏ အနောက်ဘက်ခြံစည်းရိုးနှင့်ကပ်လျက် ဈေးဆိုင်ကလေးများရှိနေသည်။ နံနက်မိုးလင်းလျှင် ဈေးဆိုင်ကလေးများရောက်လာကြသည်။ ပိုက်ဆံရှိလျှင် ဝယ်စားနိုင်သည်။ ပိုက်ဆံမရှိသော်လည်း ဈေးတန်းကလေးသို့သွားပြီး အခြားရဲဘော်များဝယ်စားနေသည်ကို ထိုင်ကြည့်နေရသည်မှာပျော်စရာတစ်မျိုးဖြစ်ပါသည်။ ရောင်းချသောမုန့်ပဲသရေစာများမှာ ကောက်ညှင်းပေါင်း၊ အကြော်၊ မြေပဲယို၊ မရွေး၊ ဖွဲနုမုန့်၊ကြံသကာများဖြစ်ကြသည်။ မုန့်တစ်ခုလျှင် ၁၀ ဆင့်သာဖြစ်သည်။ ၂၅ ဆင့်နှင့်ရောင်းသော ကြံသကာနှင့်ဖျော်ထားသည့် လက်ဖက်ရည်အချိုကိုမူ သောက်နိုင်သည့်ရဲဘော်ရှားပါသည်။

ဈေးတန်းတွင်ရောင်းသော မုန့်အစားအသောက်များထဲမှ ကျွန်တော်အနှစ်သက်ဆုံး၊ အစားချင်ဆုံးမှာ တောင်းထဲထည့်ထားသော ကောက်ညှင်းပေါင်းဖြစ်ပါသည်။ ကောက်ညှင်းပေါင်းတောင်းကို အုပ်ထားသောအဝတ်ကိုလှန်လိုက်လျှင်   အငွေ့တထောင်းထောင်းနှင့်မွှေးနေပါသည်။ ရောက်စရက်များက ကောက်ညှင်းပေါင်းကို ဝယ်စားနိုင်သော်လည်း အမေပေးလိုက်သော ပိုက်ဆံကုန်သွားသောအခါ ဝယ်မစားနိုင်တော့ဘဲ ဘေးမှထိုင်၍မျှော်၍သာနေရပါတော့သည်။ ကောက်ညှင်းပေါင်းရောင်းသည့် အမေကြီးကလည်း သဘောကောင်းပါသည်။ ကျွန်တော်ကောက်ညှင်းပေါင်းစားချင်၍ မျှော်နေကြောင်း သိနေသည်။ အမေကြီးက ကျွန်တော့်ကို သားရေ လာလေ၊ကောက်ညှင်းပေါင်းစားပါလား၊ ပိုက်ဆံမရှိသေးလည်း မုန့်ဖိုးရမှပေးပေါ့ ဟုခေါ်လေသည်။ ကောက်ညှင်းပေါင်း ၁၀ ဆင့်ဖိုး ဝယ်လျှင် အင်ဖက်ကြီးဖြင့် ထည့်ပေးသဖြင့်ခပ်များများရပါသည်။ သို့သော် ပျဉ်းမနားတွင်   ကောက်ညှင်းပေါင်းကို  တစ်ခါမှ ဝအောင်မစားခဲ့ရဖူးပါ။ ပိုက်ဆံရှိသည့် တစ်နေ့ ပျဉ်းမနားကောက်ညှင်းပေါင်းကို အဝစားလိုက်မည်ဟု ထိုစဉ်ကတေးထားခဲ့မိပါသည်။

အမေကြီးက လိုက်လိုက်လျောလျောခေါ်နေသဖြင့် ကောက်ညှင်းပေါင်းဆယ်ပြားဖိုးစီချွေ၍ အကြွေးဝယ်စားနိုင်သည်။

အကြွေးမဆပ်နိုင်မည်စိုးသဖြင့် နေ့တိုင်းမစားနိုင်ပါ။ ဈေးသည်များကအကြွေးပေး၍ ရဲဘော်များက အကြွေးဝယ်စားကြသည်။ နောက်ပိုင်း မုန့်ဖိုး(လခ)ထုတ်သောအခါ အကြွေးမဆပ်ကြ၍ ပြဿနာပေါ် လာသည်ထင်ပါသည်။ ဈေးသည်များ တပ်တွင်းဈေးမရောင်းရဟု တပ်ရင်းမှအမိန့် ထုတ်လိုက်ပါသည်။ မုန့်သည်များ ဈေး မရောင်းရသည့်နေ့မှစ၍ တပ်တွင်းနံနက်စာဆန်ပြုတ်မလောက်မငဖြစ်လာပါသည်။

၄၊ ၅ ရက်ခန့်ကြာမှ မုန့်သည်များတပ်တွင်းသို့ ဈေးရောင်းခွင့်ပြန်လည်ရရှိပါသည်။

မုန့်သည်များနှင့်ရဲဘော်များ ပြေပြေလည်လည်ရှိကြပါသည်။ ရဲဘော်များကို ပြည်သူများက ကြည်ဖြူပါသည်။ အကြွေးမဆပ်နိုင်သည့်ကိစ္စအခိုက်အတန့် အခက်အခဲ ရှိ၍ဖြစ်ကြောင်း နားလည်ကြသည်။ ရဲဘော်များ၏ အခြေအနေကို ပြည်သူတို့သိကြသည်။ ခွင့်လွှတ်ကြသည်။ ပြည်သူ့တပ်သားရဲဘော်များကလည်း ပြည်သူတို့အပေါ် နိုင်ထက်စီးနင်းပြုလုပ်ခြင်း၊ မတရားအခွင့်အရေးယူခြင်း မရှိစေရဆိုသော သစ္စာတရားကို သိကြပါသည်။

ရဲဘော်သစ်များသည် သင်တန်းဆင်းနေသည့်ကြားမှပင် ဗုံးခိုကျင်းတူးခြင်း၊ အိမ်သာကျင်းတူးခြင်း၊ အိမ်သာကျင်းဟောင်းများ ပြန်လည်တူးဖော်ခြင်းများ စသည့်အလုပ်ကြမ်းတာဝန်များကိုလည်း လုပ်ကိုင်ကြရပါသည်။ ရဲဘော်များသည် အိမ်သာကျင်းဟောင်းဖော်သည့်အလုပ်ကို ဘုန်းနိမ့်သည်ဟု မလုပ်ချင်ကြပါ။ ကျွန် တော်ကတော့ အလုပ်မရွေးပါ။ အခြား သူများမလုပ်လိုသော အိမ်သာကျင်းဟောင်း ဖော်သည့် အလုပ်ကိုပဲ လုပ်ပါသည်။ မခို မကတ်လုပ်တတ်သော ကျွန်တော်သည် ထန်းပင်တက်ကောင်းသော လက်မှတ်ရနေပါပြီ။

တစ်ရက်တွင် ကျွန်တော်နှင့်ရဲဘော်နှစ်ယောက် အဘ ဗိုလ်သံဒိုင်အိမ်တွင် ဗုံးခို ကျင်းတူးရန် တာဝန်ကျပါသည်။ အဘဗိုလ်သံဒိုင်အိမ်တွင် အဘ၏ဇနီးအစ်မကြီး တစ်ယောက်သာရှိသည်။ သားသမီးများကို မတွေ့ရပါ။ အဘကတော့ အိမ်ပြန်မလာ နိုင်သည့်ရက်ကများသည်ဟု သိရပါသည်။

အစ်မကြီးသည် စကားတွေဖောင်နေအောင် ပြောနေတတ်သည်။

ဆက်လက်ဖော်ပြပါမည်။