ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၇)

စကားများများပြောသော်လည်းထားဝယ်သံအလွန်ဝဲနေသဖြင့် နားထောင်ကောင်းသော်လည်း ကျွန်တော်တို့ လုံးစေ့ပတ်စေ့နားမလည်ကြပါ။ သူ့ယောကျ်ားလုပ်ပုံကိုင်ပုံ၊ အိမ်ပြန်မလာဘဲ ရုံးတွင်သာနေပုံများကို ကျွန်တော်တို့အား နတ်သံနှော၍ပြောပြနေသည့်အထဲမှ ကိုမောင်ကလေးကတော့ လုပ်ပါလိမ့်မယ်ဆိုသော စကားသံကို ယနေ့တိုင်ကြားယောင်နေမိပါသည်။

အစ်မကြီးသည် ကျွန်တော်တို့အား လက်ဖက်ရည်ကြမ်းများကျိုတိုက်လိုက်၊ အကြော်များဝယ်ကျွေးလိုက်နှင့် အလုပ်များနေပါသည်။ လှေကားထစ်တွင် ခြေချထိုင်ပြီး စကားတွေ အဆက်မပြတ်ပြောဆိုဧည့်ခံနေသဖြင့် ကျွန်တော်တို့ကို အမောအပန်းပြေစေပါသည်။    ကျွန်တော်တို့အလုပ်ကို မြန်မြန်ဆန်ဆန်တွင်တွင် ကျယ်ကျယ်လုပ်နိုင်ကြသလို အစ်မကြီးအတွက်လည်း အပျင်းပြေစေပါသည်။ ကျွန်တော်တို့ရှိနေ၍ သူ့တွင်စကား ပြောဖော်ရနေပါသည်။ အလုပ်မြန်မြန်ပြီး၍ ကျွန်တော်တို့ ပြန်သွားမည်ကို နှမြောနေပုံရပါသည်။

ဟဲ့ ကောင်လေး မြန်မြန်မတူူးကြနဲ့၊ တို့အိမ်ကတူးပြီးသွားရင် နင်တို့တခြားနေရာတွေမှာ လျှောက်တူးနေရဦးမယ် အစ်မကြီးက ဤသို့စေတနာနှင့်ပြောသော်လည်း ကျွန်တော်တို့သည် ခိုကတ်လို စိတ်မရှိကြဘဲ အလုပ်ကိုမှန်မှန်လုပ်ကြပါသည်။ သို့ဖြစ်၍ အပေါ်ဖုံးနှင့် ဗုံးခိုကျင်းမှာ နှစ်ရက်နှင့် ပြီးစီးသွားပါသည်။

ခွေးကောင်လေးတွေ နင်တို့ ငါ့အိမ်မှာ ကောင်းကောင်းစား၊ ကောင်းကောင်းမနေချင်ကြဘူး၊ နင်တို့ကို ငါကသနားလို့ ပြောတာ၊ နင်တို့က ရဲဘော်ပီပီ အလုပ်ကိုမပြတ်လုပ်ကြတယ်၊ နင်တို့မရှိရင် ငါတော့ပျင်းနေတော့မှာပဲ အစ်မကြီးက ဝမ်းနည်းစကားကိုဆိုသည်။ ကရုဏာဒေါသနှင့် ကျွန်တော်တို့ကို မြည်တွန်တောက်တီးဆူပူဆဲဆိုလိုက်ပါသေးသည်။ အစ်မကြီးကိုသနားမိပါသည်။

သနားစရာကောင်းသည်မှာ သူတစ်ယောက်တည်းမဟုတ်ပါ။ တပ်မတော်သားများသည်သူတို့ချည်းသာ  အဆင်းရဲအနစ်နာခံနေကြရသည်မဟုတ်ပါ။ သူတို့၏ဇနီးမယားနှင့် သားသမီးများသည်လည်း အထီးကျန်ဘဝသို့ ရောက်ကြရလေသည်။

လူတိုင်းသည် မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနေထိုင်လိုကြပါသည်။ ခွဲခွာနေကြရခြင်းမှာ ဇနီးမောင်နှံမချစ်ကြ၍မဟုတ်ပါ။ တပ်မတော်တာဝန်ကို ဦးစားပေးနေရ၍ ဖြစ်ပါသည်။

တပ်ရင်းတွင် ရေချိုးခန်းသီးခြားမရှိပါ။

ရေတွင်းမှရေကို ခပ်ချိုးကြရပါသည်။ ညနေတန်းဖြုတ်ချိန် ရေတွင်းတွင်တန်းစီပြီး အလှည့်ကျချိုးကျရခြင်း   ဖြစ်ပါသည်။

ရေချိုးသူများပြားသဖြင့်  ရေတွင်းတွင် ရေခန်းလာပါသည်။ ထိုအခါ ရွှံ့နှစ်ရောင်၊ အဝါရောင်ရေများသာ ရှိနေသည်။  ရေချိုးရခြင်းရည်ရွယ်ချက်မှာ ကိုယ်လက်သန့်စင်ရန် ဖြစ်သော်လည်း ကျွန်တော်တို့အဖို့တွင် တစ်နေကုန်သင်တန်းဆင်းခဲ့၍ ပူလောင်လွန်းလှ၍ ချွေးအရွှဲသားနှင့် ကိုယ်ကိုအအေးဓာတ်ရရှိစေရန် ရွှံ့ရည်များဖြင့်သာ လောင်းရပါသည်။ ဆပ်ပြာမရှိ၍ ကြေးများကိုသဲဖြင့် ပဲပွတ်ရပါသည်။

ဂျပန်ခေတ်တပ်မတော်တွင် ပွေး၊ ဝဲ မပေါက်ဖူးသူမရှိကြပါ။ ပွေး၊ ဝဲ မပေါက်လျှင် ခေတ်မမီပါ။ အချို့ရဲဘော်များ နှုတ်ခမ်းထူထူပွေးကွက်များ တစ်ကိုယ်လုံးဆက်နေသည်အထိပေါက်ကြသည်။ ကျွန်တော့်ပေါင်ကြားတွင် ပေါက်သော ပွေးများအတန်ကြာအောင် မပျောက်ပါ။ ကုသရသည့်ဆေးမှာ ပွေးကွက်ကိုဓားဖြင့်ခြစ်၍ အသားနီရဲပြီး သွေးထွက်လာသောအခါ အရက်ပြန်ဖြင့်ပွတ်ပေးခြင်းဖြစ်ပါသည်။ သေလုအောင်စပ်၊ သေလုအောင် နာကျင်စွာခံစားရပါသည်။

အနာပေါက်လာလျှင် လွယ်လွယ်နှင့် မပျောက်ဘဲ နှုတ်ခမ်းသားများထူလာပြီး တဖြည်းဖြည်းကြီးလာတတ်သည်။ ဖက်ခွက်နာဟုခေါ်ကြသည်။ အနာကို မြင်ရသူများကြက်သီးထလောက်အောင် ကြောက်စရာကောင်းပါသည်။ အချို့အနာများ လောက်များပင်ကျနေပါသည်။ ဆေးမရှိသဖြင့် မြန်မာဆေးမြီးတိုများဖြင့်သာ ကုသကြရပါသည်။

ရဲဘော်များ ခေါင်းကိုက်၊ ဗိုက်နာ၊ အော့အန်၊ ခြေနာနှင့် ထိခိုက်ဒဏ်ရာရခြင်းများ စစ်ဆေးရုံသို့ သွားလေ့မရှိကြပါ။ ကြိတ်မှိတ်ကုသကြပြီး ပေပေတေတေဖြင့် သင်တန်းဆင်းလျက် ကျရောက်သည့်တာဝန်ကို ထမ်းဆောင်လျက် ရှိကြပါသည်။ ပြည်သူလူထုအတွက် ဆေးကုရန်အခွင့်အရေး နည်းပါးလှပါသည်။ တော်ရုံတန်ရုံရောဂါဖြစ်ရုံနှင့် ဆေးရုံသို့သွားရောက်သူနည်းပါးလှပါသည်။ ဂျပန်ခေတ်က ပြည်သူလူထုနှင့် တပ်မတော်သားများသည် ခံနိုင်ရည်ရှိကြသည်။ အသက်ပြင်းသည်ဟု ဆိုရပါမည်။ လူတွေ၏ ခံနိုင်ရည်အင်အားကောင်း၍လားမသိ ဆေးမရှိသော်လည်း ရှိသည့်ဆေးဖြင့်   ကုသပျောက်ကင်းကြပါသည်။

ခရီးရှည်ချီတက်ခြင်း

တပ်ရင်းတစ်ရင်းလုံး ခရီးရှည်ချီတက်လေ့ကျင့်ခြင်းကို ၁၉၄၃ ခုနှစ် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နံနက် ၆ နာရီတွင်စတင်ပါသည်။ တပ်ခွဲအလိုက်တန်းစီပြီး လမ်းအတိုင်းအရှေ့ဘက်သို့ချီတက်ရခြင်းဖြစ်ပါသည်။ လမ်းမှာကျောက်ခင်းလမ်းဖြစ်သည်။ လှည်းများသွားထား၍ လှည်းဘီးရာအတိုင်း ချိုင့်များဖြစ်နေသည်။

ကျောက်ခဲများနှင့်မညီညာသဖြင့် လမ်း လျှောက်၍မကောင်းပါ။ တန်းစီခြင်း၊ ချီ တက်ခြင်း၊ ရပ်နားခြင်းများကို စစ်ခရာမှုတ်၍ အချက်ပေးပါသည်။

ရဲဘော်များ ကိုယ့်ပစ္စည်းကိုယ်သယ်ကြရသော်လည်း ထည့်ရန်ကျောပိုးအိတ်မရှိကြပါ။ စောင်တစ်ထည်အတွင်း အဝတ် အစားနှင့် အပိုပစ္စည်းများထည့်လိပ်ပြီး ကြိုးနှင့်ချည်ကာ ကျောတွင်သိုင်းထားရသည်။ ကျွန်တော်တို့ရဲဘော်များ လက်နက်မကိုင်ရ၍သက်သာပါသည်။

            ဆက်လက်ဖော်ပြပါမည်။