ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်အမြန်ဆုံးကုစားသွားရန် ဆောင်ရွက်လျက်ရှိရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပါဝင်သည်။ မြန်မာနိုင်ငံမှာ သဘာဝအလှတရားများ ပေါကြွယ်ဝရာနိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ခက်ခဲလှမည် မဟုတ်ပေ။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ လုပ်ငန်းဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းလည်း ဖြစ်သည်။ ထိုလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုလျှင် သတင်းမီဒီယာကဏ္ဍလုပ်ငန်းနှင့်ဆက်စပ်သည်။ မှန်ကန်သော သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံ၏ကောင်းမွန်သော ပုံရိပ်ကိုမြှင့်တင်ခြင်း တို့ကိုလည်း အစဉ်တစိုက်ကြိုးပမ်းကြရမည် ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ဈေးကွက် မြှင့်တင်ရေး အတွက် နိုင်ငံတကာနှင့်ဒေသတွင်းအဆင့်ပူးပေါင်း ဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်၍ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာခြင်း လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသော(၁၆)ကြိမ်မြောက်ဟိုချီမင်း နိုင်ငံတကာခရီးသွားပြပွဲကို ''Growth Forward Together''ခေါင်းစဉ်နှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ အဆင့်မြင့်ဖိုရမ်ကို ပူးတွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှု၊ သဘာဝအရင်းအမြစ်၊ ဆန်းသစ်သော လူနေမှု အတွေ့အကြုံများသည် အထောက်အကူဖြစ်စေသည်။ ထို့ပြင်  တည်းခိုနေထိုင်ရေးကဏ္ဍတွင်လည်း အရည်အသွေးပြည့်ဝသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်းသည်လည်း အဆိုပါ ခရီးသွားလုပ်ငန်းအတွက် များစွာအရေးကြီးသော သွင်းအားစုတစ်ခုဖြစ်သည်။ လေဆိပ်များနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍများမှလည်း ခရီးသွားဧည့်သည်များအတွက် ဘေးကင်းလုံခြုံပြီး လျင်မြန်ချောမွေ့သော ခရီးစဉ်များကို ဖန်တီးပေးနိုင်ရန်လိုအပ်သည်။

မြန်မာနိုင်ငံသည်  အလှပေါင်းစုံတည်ရှိရာနိုင်ငံ ဖြစ်သည်။   ခရီးသွားဧည့်သည်များအနေဖြင့် တစ်ခေါက်ရောက်ဖူးလျှင် နောင်တွင်အခေါက်ခေါက်အခါခါ လာလည်ချင်စိတ်ဖြစ်ပေါ်သည်ဟု ဝမ်းသာဖွယ် သတင်းစကားကြားရသည်။ ထို့ကြောင့် ရှေးကခေတ်အဆက်ဆက်စာဆိုရှင်တို့သည် အလှရှိရာနေရာဒေသ အဖြစ်ဖွဲ့နွဲ့သီဆိုကြသည့် ကဗျာပေါင်းများစွာ ရေးထားသည့်အနက် ဤယနေ့သော်၊ ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်၊  မြေပြင်ကျယ်ဝင်း၊  လယ်ယာခင်းနှင့်၊  အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်၊ တောင်စောင်းတောင်ထိပ်၊  စေတီရိပ်ဝယ်၊  ဆွေမိတ်တူစုံ၊ ဖူးရတုံသော်၊  အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်၊ မိခင်မြေမြ၊ သာလေစွဟု၊ နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်၊ မိုးယံပဲ့ထင် ထပ်လိမ့်တည်း ဟူ၍ငွေတာရီက ရေးဖွဲ့ခဲ့သည်မှာ မြန်မာ့အလှကိုဖော်ကျူးခြင်း ဖြစ်သည်။

လက်ရှိကာလသည် မိုးရာသီဖြစ်သော်လည်း မြန်မာနိုင်ငံအနှံ့ ခရီးစဉ်ဒေသများ၌ခရီးသွားဧည့်သည် များစတင် ဝင်ရောက်နေပြီ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ ပြည်တွင်းရှိ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နေသကဲ့သို့ ခရီးသွားဧည့်သည် အများဆုံးလာရောက်လေ့ရှိသော ဒေသများတွင်လည်း သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ဟိုတယ်များအား နိုင်ငံအဆင့်အသိအမှတ်ပြု တံဆိပ်များပေးအပ် ထားပြီးဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အင်းလေးကန်သန့်ရှင်းသာယာလှပရေးနှင့် ကလောမြို့အား ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်သည့်အတွက် မြန်မာ့ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက်ရေးအတွက် သက်ဆိုင်သူများအားလုံးက နိုင်ငံချစ်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့သောခရီးသွားလုပ်ငန်းများကို ယခင်ကထက်အခြေအနေကောင်းဆီသို့ ရောက်အောင်လုပ်ဆောင်နိုင်ကြမှသာ နိုင်ငံစီးပွားရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်လျက်ရှိရာတွင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးအမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ၂၀၂၃ ခုနှစ် မတ်လတွင် ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ITB Berlin ခရီးသွားပြပွဲတွင်   မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းကာ  နှစ်နိုင်ငံခရီးစဉ်ဒေသတစ်ခုအဖြစ် ခရီးသွားပြခန်းဖွင့်လှစ်ပြသရေးကိစ္စတို့ကို လုပ်ဆောင်လျက်ရှိသည်။၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့ (RETHINKING TOURISM) ဖြစ်ပေရာ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ပါစေ ကြောင်း ရေးသားလိုက်ရပေသည်။   ။