ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသည် စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဘဝရပ်တည်မှု ရရှိအောင် လေ့ကျင့်ပေးလျက်ရှိ
ရန်ကုန် စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကလေးများကို ကလေးသူငယ် အခွင့်အရေးများနှင့် အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရ ကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် စားဖိုဆောင်အတွင်း ကျောင်းသားများအတွက် ချက်ပြုတ်နေမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများ စာပေလေ့လာနေမှုများနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသားများနှင့် တွေ့ဆုံကာ မိမိတို့သင်တန်း ကျောင်းသည် ကလေးများကို ပြစ်မှုကျူးလွန်ခဲ့သူများဟု မသတ်မှတ်ဘဲ ပြုပြင်ထိန်းကျောင်း လေ့ကျင့်သင်ကြားပေးနေသော ကျောင်းဖြစ်ကြောင်း၊ စာပေနှင့်အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဘဝရပ်တည်မှု ရရှိအောင် လေ့ကျင့်ပေးလျက်ရှိရာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်အောင် ရည်မှန်းပြီး ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါ၍ ကျောင်းသားများ အနေဖြင့် မိမိတို့အခွင့်အရေးကို သိရှိရုံသာမက တာဝန်ယူမှုရှိရှိဖြင့် ပြုမူနေထိုင်ကြရန် လိုအပ်ကြောင်း၊ စည်းကမ်းတကျ နေထိုင်ကြပြီး ဝါသနာပါရာ အားကစားနည်းအလိုက် ထူးချွန်အောင် လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာန(တွံတေး) သို့ရောက်ရှိကာ ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အဆောင်များသို့ ကြည့်ရှုစစ်ဆေးကာ ကလေးများကို ကူးစက်ရောဂါများ မဖြစ်ပွားစေရေး အလေးထားဆောင်ရွက်ကြရန်၊ သင်တန်းကျောင်းသို့ ရောက်ရှိစဉ် ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းမှ သင်ကြားပေးလိုက်သော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို မိမိတို့ဘဝအတွက် အမှန်တကယ် အသုံးချနိုင်ရေး လေ့ကျင့်သင်ယူကြရန် တိုက်တွန်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း(ရန်ကုန်)သို့ ရောက်ရှိကာ သင်တန်းကျောင်း အဆောက်အအုံကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ကြရန် မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနသုံးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်းများအား အမြဲတမ်း တိုးတက်နေအောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်များ စောင့်ထိန်းကြရန်၊ ကျန်းမာရေးအသိ လုံခြုံရေးသတိဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနတွင် လေ့ကျင့် သင်ကြားပေးနေမှုနှင့် ခေတ်နှင့်အညီ သင်ကြားပို့ချပေးနိုင်မှု၊ လက်တွေ့ လေ့လာသင်ယူရန် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားပြီး နောက် မသန်စွမ်း ကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် ကလေးများ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနေမှုကို ကြည့်ရှု၍ မသန်စွမ်း ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံများသို့ သွားရောက်စစ်ဆေးခဲ့ပြီး သဘာဝဘေး အရေးပေါ် အခြေအနေများ ပေါ်ပေါက်လာပါက အဆင်သင့်ဖြစ်စေရေး၊ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး အတွက် စနစ်တကျ သိုလှောင်ထားရှိရန်၊ ပစ္စည်းများရေရှည် ထိန်းသိမ်းနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု ကာကွယ်နိုင်ရေး ထားသိုမှု၊ စာရင်းသွင်းမှုများ ဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ် မကျရောက်စေရေး ကြိုတင်ဆောင်ရွက် ထားရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် အမျိုးသမီးကလေးများ သင်တန်းကျောင်း ထောက်ကြန့်တွင် တာဝန်ရှိသူများနှင့် ကာကွယ်စောင့်ရှောက်ထားသော အမျိုးသမီးကလေးများကို တွေ့ဆုံ၍ ကလေးသူငယ် အခွင့်အရေး(၄)ရပ်ကို အပြည့်အဝ ဖြည့်ဆည်းပေးရန်နှင့် စောင့်ရှောက်ခံကလေးများ အနေဖြင့် ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ လေ့လာသင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။