နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆုတို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြသည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အလေးအနက်ထားပြီး စုပေါင်းရေးဆွဲခဲ့ကြရာတွင် အမျိုးသားညီလာခံကျင်းပပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်တက်ရောက်နိုင်ခဲ့မှုအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးချိန်တွင် သဘောတူညီချက်ပါအတိုင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)တို့၏ နိုင်ငံရေး လိုလားချက်များနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည့်နည်းလမ်းများအား နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့မှ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူများမှ မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။