လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင်(၅၀)ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်

လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင်(၅၀)ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်

နေပြည်တော်  စက်တင်ဘာ  ၂၇

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ  လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး /ပြည်နယ်ပညာရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပညာရေးနှင့်ကျန်းမာရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက  ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများ

ရရှိစေရန်အတွက် မည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲ ကျောင်းသို့ရောက်ရှိစေရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားတိုင်း KG+9 အခြေခံပညာသင်ယူပြီးမြောက်ရေးကို အကောင်အထည်ဖော်  ဆောင်ရွက်နေကြောင်း၊ KG+9 အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေး အထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း  တက်ရောက်နိုင်ကြောင်း၊ လာမည့် ပညာသင်နှစ်မှစတင်၍ ခရိုင်(၅၀) ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍   စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ KG+9 ပြီးမြောက်သည်နှင့် သက်မွေးပညာသင်ကြားလိုသူများ  ဆက်လက်သင်ယူနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ရခိုင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၃၃၁၆ ကျောင်းတွင် ဆရာ၊ဆရာမ ၂၅၆၁၁ ဦးဖြင့် ကျောင်းသားဦးရေ ၅၅၉၉၀၇ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ယခုပညာသင်နှစ်တွင် မူလတန်းအဆင့်သင်၊ အလယ်တန်းအဆင့်သင်၊ အထက်တန်းအဆင့်သင်  ကျောင်းပေါင်း ၁၉၂ ကျောင်းကို ကျောင်းအဆင့်များတိုးမြှင့်ပေးခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ပညာရေးကဏ္ဍအနေဖြင့် လိုအပ်သည်များကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီ၏ လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း     သိရသည်။              

နိုင်ထွန်း