အသက်ထက်မြတ်သော ဂုဏ်သိက္ခာ

အသက်ထက်မြတ်သော ဂုဏ်သိက္ခာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် စက်တင်ဘာ ၂၄ ရက်ညပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အနုပညာရှင်များပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်သည့် အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီးကိုကြည့်ရှုအားပေးသည်။ အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီးကို မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူ ခဲ့သည့် တောင်ငူဘုရင်နတ်သျှင်နောင်သည် မိမိတို့၏နိုင်ငံအတွင်း ပြဿနာကိုဖြေရှင်းရန်ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားတို့ကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသောသမိုင်းနိဂုံးဖြင့် ဇာတ်သိမ်း ရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာဖြစ်ရပ် တစ်ခုအနေဖြင့် တင်ဆက်ခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။ အများပြည်သူများစိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသနေခြင်းဖြစ်သည်။ မျိုးဆက်သစ်တို့၏ နှလုံးသားတွင် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အနုသုခုမပညာများကို မြတ်နိုးခုံမင်စွာလေ့လာလိုက်စားပြီး အနာဂတ် ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်းသယ်ဆောင်သွားလိုစိတ်များ ကိန်းအောင်း ရှင်သန်နေကြရမည် ဖြစ်သည်။ အထူးသဖြင့်အသက်ထက်မြတ်သောဂုဏ်သိက္ခာမှာ မိမိနိုင်ငံ၊ မိမိလူမျိုးဂုဏ်သိက္ခာမြင့်မားစွာ တည်တံ့ရှည်ကြာခိုင်မာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဂုဏ်ဟူ၍လည်း ဆိုနိုင်သည်။

ယနေ့မျက်မှောက်ခေတ်တွင် နည်းပညာများနှင့်ရုပ်ဝတ္ထုများမှာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်းလဲ တိုးတက်လျက်ရှိသည်။ ထိုအရာများတွင် နယ်စည်းမခြားသော ပွင့်လင်းလွတ်လပ်မှုဆိုသည့် အယူအဆများနှင့် အတူ လူမှုကွန်ရက်ဆိုရှယ်မီဒီယာများသည် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်လာသည်။ ထိုလူမှုကွန်ရက်များကို အသုံးပြု၍ ပညာရေးနှင့်ကျန်းမာရေး စသည့်ကဏ္ဍအသီးသီးတွင် ကောင်းသော အကျိုးကို ဆောင်ရွက်နိုင်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်လူမှုရေးသာမက ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအထိ မှေးမှိန်သေးသိမ်ညစ်နွမ်းစေရန် ဝင်ရောက်ထိုးဖောက်လျက်ရှိကြသည်။

မြန်မာတို့သည် ယဉ်ကျေးသိမ်မွေ့ပြီး ခိုင်မာသောယဉ်ကျေးမှုဓလေ့ထုံးစံ၊ စာပေနှင့်ဂီတအနုပညာ ကိုယ်ပိုင်ရှိထားသူများ ဖြစ်ကြသည်။ ယဉ်ကျေးမှုအရာတွင် မြင့်မားသည်ဟု ဆိုနိုင်သည်မှာ ရတနာသုံးပါးကို ရိုသေဆည်းကပ်ခြင်း၊ မိဘဆရာသမားကိုအလေးထားလေးစားခြင်း၊ သားသမီးဝတ်၊ တပည့်ဝတ် အစရှိသည်ဖြင့် လိုက်နာကြရခြင်းတို့ကြောင့်ဖြစ်သည်။ ထို့အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော အဆို၊ အက၊အရေး၊ အတီးများကို ရှေးခေတ်မှယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိကြသည်။

အဆိုပါအနုသုခုမပညာရပ်သည် နက်နဲသိမ်မွေ့သည့်ပညာရပ်ဖြစ်သည်။ စိတ်ခံစားမှုကိုနှိုးဆွ လွှမ်းမိုးနိုင်စွမ်းလည်း ကြီးမားလှသည်။ ရိုင်းသည်ကိုယဉ်အောင်၊ ယဉ်သည်ကိုရိုင်းအောင်ပြုနိုင်စွမ်းရှိသည်။ အဖြူကိုအမည်း၊ အမည်းကိုအဖြူဖြစ်အောင်ပြောင်းလဲနိုင်စွမ်းရှိသည်။ ယဉ်ကျေးသိမ်မွေ့သော မြန်မာ့အနုသုခုမ ပညာရပ်များအပေါ် တိုင်းတစ်ပါးတို့၏ ဆန့်ကျင်ဘက် အစွန်းရောက်အတွေးအခေါ် အမူအကျင့်များကို အနုပညာဆိုသည့် လူငယ်လူရွယ်အကြိုက်မျက်နှာဖုံးတပ်၍ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

အရိုးပေါ် အရွက်ဖုံးလွှမ်းခြင်း မခံရစေရန်အတွက် မြန်မာတိုင်းရင်းသားတို့ အနေဖြင့် ပြည်ပမှထိုးဖောက်လာမည့် မကောင်းသည့်အမူအကျင့်များကို တိုက်ဖျက်ကြရမည်ဖြစ်သည်။  တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။  ဤဇာတ်တော်ကြီးတွင်  သမိုင်းမှန် ဖြစ်ရပ်မှန်တို့ကို အနုပညာရှင်တို့၏ သရုပ်ဆောင်မှုစွမ်းရည်မြင့်မားစွာ တင်ဆက်မှုကြောင့် ကြည့်ရသူတိုင်း ကျေနပ်ကြသည်။

ထို့အတူ မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းမှာ ပြည်ပထိုးဖောက်ဝင်ရောက်မှု ရှိခဲ့ပါကလား။  နိုင်ငံနှင့်လူမျိုးကို ချစ်သူတိုင်းက   ပြည်ပစွက်ဖက်မှုကို မနှစ်သက်ခဲ့ဘဲ ပြတ်ပြတ်သားသား တိုက်ထုတ်ခဲ့ပါကလား။ မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်မြင့်မားခဲ့ပါကလား ဟူသော အသိကို ရရှိစေမည်ဖြစ်သည်။

တိုင်းတစ်ပါးသားတို့ကို အကြွင်းမဲ့ ယုံစားသူတို့၏ ဘဝနိဂုံးသည် အရှုံးပေါင်းများစွာနှင့် ကြုံတွေ့ရမည်သာ ဖြစ်သည်။ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အားသိမ်းပိုက်နိုင်ရေး ဥမင်လိုဏ်ခေါင်းပြုလုပ်သည်။ သန်လျင်မြို့ရိုး ကျိုးပေါက်သွားပြီး ငဇင်ကာနှင့်နတ်သျှင်နောင်အား ဖမ်းဆီးရမိခဲ့သည်။ ရန်သူသည် မည်သို့ပင်လက်နက် အင်အားသာ လွန်သော်လည်း မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်ကိုကား အရှုံးပေးရမည်သာ ဖြစ်သည်။ မင်းရဲနန္ဒမိတ်ဆိုသည်မှာ  မြန်မာ့သမိုင်းတွင် အနောက်ဖက်လွန်မင်းအဖြစ် လူသိများလှသည်။ အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီးကိုကြည့်ရှု၍ တိုင်းတစ်ပါးသားတို့ကို အကြွင်းမဲ့ယုံ စားသူတိုင်း၏ ဘဝနိဂုံးကို သင်ခန်းစာယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။