တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် နှီးနွှယ်နေသည့် အဖွဲ့အစည်းများ အနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားရန် အလွန်အရေးကြီး
ရန်ကုန် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးကျော် စုစည်းနေထိုင်သည့် ပြည် ထောင်စုကြီးဖြစ်သည့်အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးများသည် ညီအစ်ကိုမောင် နှမလို သဘောထားပြီးနေထိုင်မှ စည်းလုံး ညီညွတ်မှုရှိမည်ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည်အေးချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနနှင့် နှီးနွှယ်နေသည့် အဖွဲ့အစည်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ် စွဲမထားရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က ကရင်စာပေသင်ရိုး Grade-1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ Grade-4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံကရင် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် အထက် ပါအတိုင်း ပြောကြားခဲ့သည်။
ကရင်စာပေသင်ရိုး Grade -1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ Greade -4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသ ကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်း သားရေးရာ ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် ကရင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပထမဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဦးစောမာတင်လူသာ တို့က အခမ်းအနားများ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များက အထွေထွေဆွေးနွေးခဲ့ပြီး ကရင်စာပေ သင်ရိုးဖြစ်မြောက်ရေး ကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအား ကရင်စာပေသင်ရိုး ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးက လည်းကောင်း၊ စကောကရင်စာပေနှင့် နည်းပညာရှင် ဆရာမ နော်သွယ်လာထူးက TOT Online Teaching ဆောင်ရွက်ခြင်း အဆင့်ဆင့်အား လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသား ရေးရာကိစ္စရပ်များ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများထံ အခမ်းအနားဖြင့် တာဝန်ခွဲဝေ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်ကို တတိယအကြိမ်အထိ ကျင်းပနိုင်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် စတုတ္ထအကြိမ်မြောက် ဆက်လက်ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်တွင် ကျင်းပနိုင်ခြင်း မရှိပါက ယခင်နှစ်နည်းတူ Virtual စနစ်ဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးလှကြောင်း၊ ရှမ်းပြည်နယ်သည် ငြိမ်းချမ်းသည့် အတွက် မိမိတို့ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ စင်တာကို ယခုဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနေကြောင်း၊ တိုင်းရင်းသား ဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး Forum များလည်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် ကရင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်အသင်း ဖွဲ့စည်းနိုင်ခြင်းအတွက် အလွန်ဝမ်းမြောက်ကြောင်း၊ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဒေသခံ တိုင်းရင်းသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကရင်စာပေသင်ရိုးပြုစုခြင်းမှာ စာပေအားလုံး တူညီသည့်အတွက် ကရင်တိုင်းရင်းသားများ အနေဖြင့် ကွဲပြားမှုမရှိဘဲ သင်ယူရတော့မည် ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများ ပညာရေး ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း၊ စာပေနှင့်ဘာသာစကား ပျောက်လျှင် လူမျိုးပါပျောက်ကွယ် သွားနိုင်သဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့၏ရိုးရာ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးပြီး တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ နိုင်ငံတော်ငြိမ်းချမ်းမည်၊ နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့် ကရင်စာပေသင်ရိုး Grade-1ç 2ç 3ç TOT Online Teaching ပြီးမြောက်ခြင်းတို့အား အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့သည်။
၎င်းင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကရင်စာပေသင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနိုင်ရန် အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား နှာခေါင်းစည်း (Mask) များ ထောက်ပံ့လှူဒါန်းခဲ့သည်။ ၎င်းင်းနောက် ကရင်တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များက အထွေထွေမေးမြန်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။